မုန်တိုင်းကြောင့် ရပ်နားထားသည့် ရန်ကုန် - စစ်တွေ အဝေးပြေးကားများ မေလ(၁၈) ရက်နေ့တွင် ပြန်လည် ပြေးဆွဲပေးမည်

မုန်တိုင်းကြောင့် ရပ်နားထားသည့် ရန်ကုန် - စစ်တွေ အဝေးပြေးကားများ မေလ(၁၈) ရက်နေ့တွင် ပြန်လည် ပြေးဆွဲပေးမည်

 

ရန်ကုန် - စစ်တွေအဝေးပြေးကားများ ၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဟု အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

မိုခါ မုန်တိုင်းကြောင့် ရန်ကုန် - စစ်တွေ အဝေးပြေးကားလမ်းတွင် သစ်ပင်များ၊ ဓာတ်တိုင်များပြိုလဲ၍ ကားလမ်းပိတ်ဆို့ခဲ့သော်လည်း လက်ရှိတွင် ကားလမ်းများ ပြန်လည်ပွင့်လာ၍ မေလ(၁၈)ရက်နေ့က စတင်ကာ ပြေးဆွဲသွားမည်ဟု ဆိုသည်။

"ရန်ကုန်-စစ်တွေအဝေးပြေးကားတွေက မေလ (၁၈)ရက်ကစပြီး ပြေးဆွဲမှာပါ။"ဟု ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းတစ်ခုက ပြောသည်။

ရေလမ်းကြောင်းဖြစ်သည့် သင်္ဘောများမှာလည်း ယနေ့ မေလ(၁၇)ရက်ကစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဟု ဒေသခံများက ဆိုသည်။

မုန်တိုင်းတိုက်ပြီး (၃)ရက်အကြာတွင် ကားလမ်းများနှင့် ရေလမ်းကြောင်းများ ပွင့်နေပြီဖြစ်သော်လည်း ရခိုင်မြောက်ပိုင်းဒေသများ၌ ကူညီကယ်ဆယ်ရေး မရသေးဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် အိမ်ဆောက်ပစ္စည်းများမှာ ဈေးတက်နေသည်ဟု ဒေသခံများက ပြောသည်။

"အခြေခံစားသောက်ကုန်တွေ တက်တယ်၊ အိမ်ဆောက်ပစ္စည်းတွေပေါ့ သွပ်၊ သံတွေကအစ ဈေးတက်နေပါတယ်။ လူတွေရဲ့လောဘကြောင့် ဈေးတက်နေတာ။ ကယ်ဆယ်ရေးတွေလည်း မရသေး။ ကိုယ်ထူ၊ ကိုယ်ထ ရှင်းလင်းရေးလုပ်နေရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်  စာသင်ကျောင်းစုစုပေါင်း (၁၁၈)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသည့်အတွက်  ပြန်လည်ထူ‌ထောင်ရေးကြာနိုင်သဖြင့် ကျောင်းများအချိန်မီ

ဖွင့်နိုင်လိမ့်မည် မဟုတ်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

"ကျောင်းဖွင့်ရာသီက နီးလာပြီ။ အခုလိုပုံစံနဲ့ဆို ဇွန်လမှာ ကျောင်းတွေဖွင့်နိုင်မယ် မထင်ဘူး။"ဟု စစ်တွေမြို့မှ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက  ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွာလုံးကျွတ် ပျက်စီးခြင်းများဖြစ်‌ပေါ်ခဲ့ပြီး မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းတို့ရှိ လူဦးရေ(၅ ဒသမ ၄)သန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA -Myanmar)က  သတင်းထုတ်ပြန်ထားသည်။

အလွန်အားပြင်းသည့် မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ (၃၈၇)ခုမှ လူနေအိမ် စုစုပေါင်း (၁၁,၀၀)ကျော် အပါအဝင် စာသင်ကျောင်း (၁၁၈)ကျောင်း၊ ဆေးရုံနှင့်ဆေးခန်း (၂၂)ခု၊ ဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေးအဆောက်အဦး (၉၉)ခု၊ ဌာနဆိုင်ရာ အဆောက်အဦ (၇၂)လုံးတို့ ထိခိုက် ပျက်စီးခဲ့ရကြောင်း နှင့် လူ(၂၀)ဦး သေဆုံးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း ထိခိုက်ပျက်စီးမှုနှင့် သေဆုံးသူ အရေအတွက်အား မှန်ကန်ခြင်း ရှိမရှိကိုတော့ Tachileik NewsAgency အနေဖြင့် အတည်မပြုနိုင်သေးပေ။

 y