တောင်ကုတ်မြို့မဈေးနှင့် ညဈေးကို စစ်ကောင်စီဗုံးကြဲဖျက်ဆီး

တောင်ကုတ်မြို့မဈေးနှင့် ညဈေးကို စစ်ကောင်စီဗုံးကြဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ ဒေသခံများအားထားရာ မြို့မဈေးနှင့် ညဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

တောင်ကုတ်တမြို့နယ်လုံး၏ အားထားရာဖြစ်သည့် တောင်ကုတ်ချောင်းအနီးရှိ မြို့မဈေးကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ဗုံးကြဲလို့ မြို့မဈေးထဲက ဆိုင်ခန်းပေါင်း ၅၀ ကျော်ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။ 

မြို့မဈေးကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကန်ပိုင်ရပ်ကွက်ရှိ ညဈေးတန်းကိုလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ ဆိုင်ခန်းပေါင်း(၂၀)ကျော်  မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။ 

နိုဝင်ဘာလ(၂၈)ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂူတာရပ်ကွက်၊ လျှပ်စစ်လမ်းအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များပျက်စီးသွားသည်။

တောင်ကုတ်မြို့မဈေးသည် ဈေးဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ရှိပြီး ဈေးဆိုင်းခန်းအားလုံး ပျက်စီးသွားသည်ဟု စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို တောင်ကုတ်ဒေသခံတစ်ဦးက Tachileik News Agency ကို ထပ်မံအတည်ပြုသည်။ 

ဒီဇင်ဘာလ(၁)ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်က ခရိုင်ရွာအတွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး(၁၉)ဦး ဒဏ်ရာရသည်။ 

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏တပ်စခန်းများကို နိုဝင်ဘာလ(၄)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း (၁၇)ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ(၂၄)ရက်နေ့မှစတင်၍ အလုံးစုံ ထိန်းချုပ်ထား နိုင်ပြီဟု AA ဘက်က အသိပေးထားသည်။ 

တောင်ကုတ်မြို့တွင် လက်ကျန်တပ်စခန်းအဖြစ် စကခ (၅)တပ်မဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းဌာနချုပ်စခန်းများသာကျန်တော့ပြီး AA ဘက်က ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။ 

အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်ရှိ မြို့ကြီးများဖြစ်သော ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo: CJ