မန္တလေးတိုင်း တောင်သာမြို့နယ်တွင် တိုက်ပွဲဖြစ်နေပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့ ညပိုင်းက ပြဿဒ်ကြီးရွာ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ရာ ပျက်စီးမှုများအား လူထုလှုပ်ရှားမှုကော်မတီတောင်သာက ဖော်ပြသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် လက်အောက်ခံများသည် ဘာသာရေးအတွက်ပင် ချန်မထားသည့် မှတ်တမ်းသက်သေများဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
တောင်သာမြို့တွင် ယနေ့လည်း တိုက်ပွဲဖြစ်နေပြီး မြို့အဝင် ဟိန်းဆီဆိုင်အနီးတွင် ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ မြင်းခြံအမှတ်(၂)ရပ်ကွက်မှ ကိုအောင်ချစ်မိုးနှင့် မြို့သစ်မှ ကိုဖိုးထွန်းတို့ ဒဏ်ရာရရှိသည်ဟု သိရသည်။
တောင်သာမြို့နယ် တိုက်ပွဲမှာ ပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ (၃)ကြိမ်ထက်မနည်း ပစ်ကူပေးရာ စစ်ကောင်စီ၏ အထည်ချုပ်စက်ရုံလည်း မီးလောင်သည်ဟု သိရသည်။
တော်လှန်ရေးတပ်များသည် တောင်သာမြို့ရဲစခန်း၊ တောင်သာ-မိတ္ထီလာလမ်းမရှိ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံ၊ စစ်တပ်ပိုင် မြန်မာ့စီးပွား ရေးကော်ပရေးရှင်း (MEC) အမှတ်(၁၀) ချည်မျှင်နှင့် အထည်စက်ရုံ၊ ဘုရားလှပျူရွာ၊ မြင်းခြံ -တောင်သာမြို့နယ်ကြား သံမဏိစက်ရုံတို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၁ဝ)ရက်နေ့ကစတင်ကာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကို နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် ပြုလုပ်ရာ တိုက်ပွဲများ ပြင်းထန်နေသည်။
ထို့ကြောင့် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ - တောင်သာလမ်းပိုင်းများအား လက်ရှိတွင် ဖြတ်သန်းသွားလာခြင်း မပြုကြရန် တော်လှန်ရေးတပ်များက မေတ္တာရပ်ခံထားသည်။
#TachileikNewsAgency
Photo:လူထုလှုပ်ရှားမှုကော်မတီ တောင်သာ