မြိုင်အနောက်ဖက်ရှိ  စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံး

မြိုင်အနောက်ဖက်ရှိ  စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့အနောက်ဖက် စစ်ကောင်စီတပ်များရှိသည့် စစ်ဆေးရေးဂိတ်အား ယနေ့မတ်လ (၆)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က  ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား(၂)ဦးသေပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားရှိသည်။

‌ဒါ့အပြင် မြိုင်မြို့နယ်၊ ပခုက္ကူလမ်းရှိ စီမံခန့်ခွဲရေးရုံး၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များအား ယနေ့ ညနေ(၃)နာရီဝန်းကျင်က လက်လုပ် လက်နက်ကြီးဖြင့် (၆) ချက်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရွှေဓါးဗိုလ်နှင့် KG တပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုံးကို ထိမှန်အောင် ပစ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ခဲ့ဟု ဆိုသည်။

မတ်လ(၅)ရက်နေ့ကလည်း ကျားတက် - လင်းကတောလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်(၈)စီးအား မိုင်းအလုံး(၃၀)ဖြင့်တိုက်ခိုက်ခဲ့ရာ ကား(၂)စီးပျက်ဆီးပြီး အများအပြား ထိခိုက် သေ ဆုံးနိုင်ကြောင်း ထုတ်ပြန်သည်။