စစ်အာဏာသိမ်းပြီးချိန်မှစ၍ ပညာရေးဆိုင်ရာနေရာများကို စစ်ရေးအရအသုံးပြု တိုက်ခိုက်မှုများ ပိုဆိုးလာ

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ပညာရေးဆိုင်ရာနေရာများကို စစ်ရေးအရအသုံးပြု တိုက်ခိုက်မှုများ ပိုဆိုးလာ
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ပညာရေးဆိုင်ရာ အဆောက်အဦများကို စစ်ရေးအရ အသုံးပြုခြင်း၊ တိုက်ခိုက်ခြင်းများ ပိုမိုဆိုးရွားလာပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တိုက်ိခုက်မှုများ၏ သားကောင်များ ဖြစ်နေကြရသည်ဟု ဥရောပသမဂ္ဂ (EU) မြန်မာက ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

"ကလေးများအားလုံးသည် ပညာသင်ကြားခွင့်နှင့် ကျောင်းနှင့် ကျောင်းပတ်၀န်းကျင်တွင် ဘေးကင်းလုံခြုံမှုရရှိစေရန် အခွင့်အရေးရှိကြောင်းကို ကျွန်ုပ်တို့အားလုံး သတိမူသင့်ပါသည်။ သို့သော်လည်း ပဋိပက္ခများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများက သန်းပေါင်းများစွာသော ကလေးများကို အရည်အသွေးပြည့်ဝသော သင်ယူခြင်းကိုရရှိနိုင်မှုမှ တားဆီးလျက်ရှိပြီး အခြေအနေတော်တော်များများတွင် စာသင်ကျောင်းများကို ပစ်မှတ်ထားလာသည့်အခါ ကလေးများသည် အသက်အန္တရာယ်နှင့် ကြုံတွေ့လာကြရသည်။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပညာရေးကိုတိုက်ခိုက်ခြင်းမှကာကွယ်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့” ဖြစ်သည့် စက်တင်ဘာလ (၉)ရက်နေ့ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် ကလေးတိုင်း၏ လုံခြုံသောပတ်ဝန်းကျင်တွင် ကြီးပြင်းရန်နှင့် အရည်အသွေးပြည့်မီသော ပညာရေးကို လက်လှမ်းမီနိုင်စေရန်အတွက်  ဥရောပသမဂ္ဂ(EU)က ထပ်လောင်းကတိပြုထားသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများအပါအဝင် အရပ်သားနေရာအများအပြားကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှုများ တိုးလာနေခြင်းဖြစ်သည်။

#TachileikNewsAgency