ထီးလင်းမြို့နယ်အတွင်း ရွာသူရွာသူများ အိပ်နေချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄)ဦး သေဆုံးပြီး (၂၇)ဦး ဒဏ်ရာရရှိ

ထီးလင်းမြို့နယ်အတွင်း ရွာသူရွာသူများ အိပ်နေချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄)ဦး သေဆုံးပြီး (၂၇)ဦး ဒဏ်ရာရရှိ

 မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ထီးလင်းမြို့နယ်ရှိ အလယ်ဘန်းကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄)ဦးသေဆုံးပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူများ အိပ်ကောင်းချိန်ဖြစ်သည့် ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့အကူး နံနက်(၂)နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းမှ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက်(၈၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦး နှင့် အသက်(၇၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး အပါအဝင် Grade 12 ကျောင်းသူ (၂)ဦး စုစုပေါင်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၇)ဦးအနက် (၆)ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း  ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် နေအိမ်(၄)လုံး မီးလောင်ပြာကျသွားခဲ့ရသလို နေအိမ်(၁၂)လုံး လုံးဝ ပျက်ဆီးခဲ့ရပြီး ထရံပျက်စီးသည့် နေအိမ်(၄၀)ကျော်ရှိကြောင်းနှင့် နွားနှင့်ဝက် (၁၀)ကောင်ခန့်သေဆုံးပြီး တိရစ္ဆာန်အကောင်ရေ (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။



အာဏာသိမ်း စစ်ကောင်စီတပ်သည် လေကြောင်းအားကိုးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်နေသည့်အတွက်  ပြည်သူများအနေဖြင့် ထိခိုက်၊သေဆုံးမှု အနည်းဆုံးဖြစ်စေရန်အတွက်  နေထိုင်ရာ အဆောက်အဦးများနှင့် နေအိမ်များတွင် ခိုင်ခံ့သော ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ မဖြစ်မနေ တူးဖော်ကြပါရန်လိုအပ်ပြီး  တူးထားသော ဗုံးခိုကျင်းများ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊  လေကြောင်းသတင်းများကို ချိတ်ဆက်ရယူ သတိပေးခြင်းများကိုလုပ်ဆောင်ကြရန် အထူးသတိပေး တိုက်တွန်းကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်ဖြင့် အသိပေး နှိုးဆော်ထားသည်။