ချင်းပြည်နယ် ဖလမ်းမြို့တွင် ချင်းညီနောင်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသည်ဟု သိရသည်။
“မနေ့က Y-12 လေယာဉ်နဲ့ အကြိမ်(၂၀)လောက်ကို လာဗုံးကြဲတယ်။ ဒီနေ့လည်း (၃)ကြိမ်အထက် ဗုံးကြဲတယ်။ တိုက်ပွဲက ပြင်းထန်တော့ ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီလော်ဘီများကမူ ဖလမ်းမြို့တိုက်ပွဲအတွင်း CDF ရဲဘော် (၈)ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ဝါဒဖြန့်ပြောဆိုထားကာ အဆိုပါသတင်း နှင့်ပတ်သက်ပြီး Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
ထို့အပြင် ယနေ့တွင်ပင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့ပေါ်သို့ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးအလုံး(၂၀)ထက်မနည်းကြဲခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့ကို နိုဝင်ဘာလ(၉)ရက်နေ့မှစတင်ပြီး လက်နက်ကြီး အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အိမ်ခြေ(၁၅၀)ကျော် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
အခြေအနေအသေးစိတ်ကိုမူ Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းမေး မြန်းနေဆဲဖြစ်သည်။
#TachileikNewsAgency
Photo:Internet (ပုံဟောင်း)