KNU တပ်မဟာ ၅ နယ်မြေအတွင်း သြဂုတ်လအတွင်း၌ တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံး

KNU တပ်မဟာ ၅ နယ်မြေအတွင်း သြဂုတ်လအတွင်း၌ တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံး
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် အမှတ် (၅) တပ်မဟာဌာနချုပ်နယ်မြေအတွင်း သြဂုတ်လအတွင်း၌ တိုက်ပွဲပေါင်း (၁၁၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သြဂုတ်လ (၁) ရက်နေ့မှ (၃၁)ရက်နေ့အထိ KNLA အမှတ် (၅) တပ်မဟာနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း (၁၁၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၅)ဦး သေဆုံးကာ (၁၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း KNLA တပ်မဟာ (၅)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ တစ်လတာအတွင်း မူတြော်ခရိုင်အတွင်း၌ စစ်ကောင်စီမှ လက်နက်ကြီး အလုံးရေ (၂၂)လုံး ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခိုင်းနွားတစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်အတွင်း ဒေသခံ (၈၈,၈၉၇)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency