အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁,၂၂၂) သန်းကို အကူအညီလိုအပ်နေသူများထံ ့ပိုးပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁,၂၂၂) သန်းကို အကူအညီလိုအပ်နေသူများထံ ့ပိုးပေးအပ်

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁,၂၂၂) သန်းကို အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၁,၂၂၂)သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူရသည့် စစ်ဘေးရှောင်ပြည်သူ (၁၀၁,၃၆၀)ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၆၆.၁)သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် ပြည်သူ (၂၅၇)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၄၄၆)ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅၉.၅)သန်းနှင့် CDMဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅.၇)သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃.၁)သန်းနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၇၂၁.၆)သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၆၆.၂)သန်း အသုံးပြုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

စက်တင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသအလိုက် ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူ ဦးရေ (၇၄၁,၆၀၄)ဦးအတွက် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးကာလ (၃)နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အကြပ်အတည်းများကြားမှ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့် စိတ်ဓာတ်များကို လေးစားဂုဏ်ယူမိပါကြောင်းနှင့် ရှေ့ဆက်၍လည်း မလျော့သောဇွဲဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြပါရန် NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တိုက်တွန်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Ministry of Humanitarian Affairs and Disaster Management - NUG