ခင်ဦးမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံ (၃၀၀၀)တန်းကျင် အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ

ခင်ဦးမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံ (၃၀၀၀)တန်းကျင် အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနောက်ဘက်ခြမ်းတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား(၁၀၀)ကျော် ရောက်ရှိလာ၍ အနီးဝန်းကျင်များမှ ဒေသခံ (၃၀၀၀)ကျော် (၂)ရက်ဆက်တိုက် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီတပ်သားများ အင်အား(၁၀၀)ကျော် ရောက်ရှိလာ၍ ခင်ဦးမြို့အနောက်ဘက်ခြမ်းရှိ အင်းပတ်ကျေးရွာ၊ အင်တိုင်လေး(တောင်/မြောက်)ရွာ၊သရက်ပင်စု၊ မြင်းဒေါင်းနှင့် မကျီးအုပ် စသည့် ကျေးရွာများမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် ဒေသခံ (၃၀၀၀)ဝန်းကျင်မှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သားများသည် ကျေးရွာများသို့ စစ်ကြောင်းထိုးတိုင်း နေအိမ်များကို ဖျက်ဆီးခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်းများအပြင် ဒေသခံများကို PDF များ နှင့် ပတ်သက်၍ အကြမ်းဖက် ရိုက်နှက်ညှင်းပန်းစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသလို လက်နက်ကြီးများဖြင့်လည်း အဝေးကနေ ပစ်ခတ်ဝင်ရောက်ခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ ယခုလို ကြိုတင်ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။

"ဒေသခံတွေ အတော်ပင်ပန်းနေပြီဗျာ စစ်ခွေးတွေက ရွာတွေကို ဝင်စီးရင် ရိုးရိုးပဲ ဝင်ပြီး ရိုးရိုးပြန်သွားကြတာမဟုတ်ဘူး။ သူတို့ မထင်ရင် မထင်သလို ရိုက်နှက်ညှင်းပန်းတာတွေလုပ်တယ်။ အဲ့တော့ စစ်တပ် လာနေပြီဟေ့ ဆိုတာနဲ့ ညှင်းပန်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်တဲ့ ဒေသခံတွေက ထွက်ပြေးကြရတာပဲ။ တချို့နေရာတွေမှာဆို လက်နက်ကြီးနဲ့ပစ်ခတ်ပြီးမှ ရောက်လာကြတော့ ဒေသခံတွေလည်း မသေချင်ကြဘူးလေ အဲ့တော့ လွတ်ရာကို ရှောင်နေကြရတာပဲ"ဟု ခင်ဦး ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

ခင်ဦးမြို့နယ်အတွင်း၌ ဧပြီလ(၁၈)ရက်နှင့် ယနေ့ ဧပြီလ(၁၉)ရက်နေ့တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများမှာ ထောင်နှင့်ချီ ရှိလာသည့်အတွက် စေတနာရှင်များအနေဖြင့် စစ်ရှောင်ပြည်သူများအတွက် ကူညီပေးကြရလည်း အသိပေးနိုးဆော်ထားကြသည်။