ပန်ဝါမြို့ရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA သိမ်း

ပန်ဝါမြို့ရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA သိမ်း

ကချင်ပြည်နယ် အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့မှ စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းအပါ တပ်စခန်း(၄)ခုကို KIA တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါတပ်စခန်းများကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့နှင့် ယနေ့ (၁၅)ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ပန်ဝါမြို့ကို သိမ်းပိုက်နိုင်ရန်မှာ တပ်စခန်းများထပ်မံကျန်ရှိနေသေးကြောင်း စစ်ရေသတင်း အရင်းအမြစ်က ဆိုသည်။

“ပန်၀ါမှာ စကစ ဗျူဟာ၊ ရတလ (၂၉)၊ နခတ (၁၀၀၁)၊ နခတ (၁၀၀၃)၊ ပြည်သူ့စစ်အင်အားတွေ ကျန်သေးတယ်။ အထူးဒေသတစ်ခုလုံးမှာပေါ့။ အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကို သိမ်းလိုက်တာဟုတ်တယ်။ စစ်ကောင်စီတပ်သားတွေ တရုတ်ဘက်ပြေးတာတော့ မဟုတ်ဘူး။ နယ်စပ်နဲ့တော့ တော်တော်ဝေးပါသေးတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

KIA တပ်များ လက်ရှိသိမ်းပိုက်လိုက်သည့်စခန်းများမှာ အမှတ်(၁၀၀၂)တပ်စခန်းနှင့် ၎င်း၏ ကာကင်းစခန်း(၃)ခုသာဖြစ်ပြီး KIA၏ မူဝါဒအရ စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအခြေအနေကို ထုတ်ဖော်ပြောကြားခြင်းမရှိပါ။ 

သို့သော်လည်း စစ်ရေးသတင်းအရင်းအမြစ်ကမူ ပန်၀ါမြို့နှင့် (၅)မိုင်ခန့်အကွာ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ် ဌာနချုပ်(လုတ်ပြေ)အား သိမ်းပိုက်ချိန်တွင် သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

ပန်ဝါမြို့သည် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ထိန်းချုပ်ရာဒေသတစ်ခုဖြစ်ပြီး ၎င်းထိန်းချုပ်ရာ ချီဖွေ မြို့ကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၉)ရက်နေ့နှင့် ဆော့လောမြို့ကို စက်တင်ဘာလ(၃၀)ရက်နေ့တို့တွင် KIA တပ်များက သိမ်းပိုက်ပြီးဖြစ်သည်။

#TachileikNewsAgency