နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲမှ စစ်ကောင်စီတပ်သား (၂၁) ဦးသေပြီး (၈)ဦးကို အရှင်ဖမ်းမိ

Photo: အမှတ်-၁ စစ်ဒေသ
Photo: အမှတ်-၁ စစ်ဒေသ
နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲမှ စစ်ကောင်စီတပ်သား (၂၁) ဦးသေပြီး (၈)ဦးကို အရှင်ဖမ်းမိ

 မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း တပ်မ (၉၉)လက်အောက်ခံ စစ်ကြောင်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်သုံ့ပန်း(၈)ဦးနှင့် လက်နက် (၃၉)လက် သိမ်းဆည်းရရှိသည်ဟု အမှတ်(၁)စစ်ဒေသထံမှ သိရသည်။ 

 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင်နွားထိုးကြီးမြို့နယ် ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ(၉၉)လက်အောက်ခံ ခမရ (၁၄၊ ၁၅)နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀)ခန့်အား တော်လှန်ရေးတပ်များဘက်က တိုက်ခိုက်ခြင်းဖြစ်သည်။ 

"ပြင်စည်ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ ကျွန်တော် တို့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ မနက်ခင်း (၁၀)နာရီဝန်းကျင် ပတ်ရှာလည်လောက်ကနေ နေ့လယ် (၂)နာရီအထိ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲဘော်တွေ အကုန်ဘေးကင်းပါတယ်။ သုံ့ပန်းတွေကတော့ အရှင် (၈ )ယောက်ဖမ်းဆီးရမိတယ်။ (၂၁) လောင်းကို သိမ်းဆည်းရမိပါတယ်။"ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။



အဆိုပါစစ်ကောင်စီတပ်ကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) ပူး ပေါင်းအဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁)လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်‌ ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်း သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သား (၈)ဦးကို ဖမ်းဆီးရမိပြီး MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊  G-4 (၂) လက်၊ BA- 94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀)လုံးတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

တိုက်ခိုက်မှုအတွင်း တံတားဦးမှ ထွက်လာသော Mi-35 (၁)စီးဖြင့် (၃) ကြိမ် တိုက်ခိုက်သည်ဟုလည်း သိရသည်။