ပေါက်မြို့နယ် သရက်လေးပင်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု အရပ်သားနှစ်ဦး ဒဏ်ရာရ

ပေါက်မြို့နယ် သရက်လေးပင်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု အရပ်သားနှစ်ဦး ဒဏ်ရာရ
နိုဝင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သရက်လေးပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်များပျက်စီးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက သရက်လေးပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ (၂)ကြိမ်တိုက်ခိုက်ပြီးနောက် ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)အနီးမှ (၈၁)မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပေါက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း ဒရုန်းဖြင့် ဗုံးသီး(၂)လုံး ထပ်မံကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် သရက်လေးပင်ကျေးရွာမှ နေအိမ်(၅)လုံး ပျက်စီးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရကာ နွား(၆)ကောင် သေဆုံးသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၅)ရက်နေ့ကလည်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းပျူစောထီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ခဲယမ်း၊ ရိက္ခာထုတ်များ ချပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့