အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ ပြည်သူများအား အတင်းအကြပ်ခြိမ်းခြောက်၍ စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ) အုပ်စု အုပ်ချုပ်ရေးမှူးအား ဇူလိုင်လ (၈) ရက်နေ့ နံနက် (၁၀) နာရီတွင် ၎င်း၏ လယ်ထဲသို့လာရောက်စဉ် မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ စောင့်၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ထားသည်ဟု သတင်းလွင့်၍ စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ အချက်အလက်များ ထောက်လှမ်းသတင်းပေးပို့ခြင်းများ လုပ်ဆောင်နေကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ ဆိုသည်။

ထို့အပြင် စစ်ကောင်စီအလိုကျ ပြည်သူများအား စစ်မှုထမ်းဆောင်ရန် ခြိမ်းခြောက်၍ လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို )မှ ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများအား စစ်မှုထမ်းဆောင်ရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီထောက်တိုင်များကို ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပြီး စစ်ကောင်စီထောက်တိုင်များအနီး သွားလာခြင်းများ မပြုလုပ်ရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို )မှ အသိပေးထားသည်။

#TachileikNewsAgency