ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား တိုက်ဖျက်ရန် တရုတ် ၊ စစ်ကောင်စီနှင့် အာဆီယံနိုင်ငံတချို့ပါဝင်သည့် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းအား ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထုတ်ပြန်သည်။
လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) သည် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီတပ် ၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှုသည် ဆက်သွယ်ရေး လိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်မှုရှိခဲ့ပြီး မျှော်မှန်းထားသည့် ရလဒ်များ ရရှိခဲ့ကာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့သည်ဟု ဘက်အသီးသီးက တညီတညွတ်တည်း သဘောတူခဲ့သည်ဟု ဆိုသည်။
ယခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇ၀တ်မှုများအား အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က အသိပေးသည်။
အထူးသဖြင့် နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသည့် ပြည်သူပြည်သားများကို အစွမ်းကုန် ကယ်ဆယ်သွားမည်ဖြစ်ပြီး ၊ ဒေသတွင်းနိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ကမ္ဘောဒီးယား ၊ တရုတ် ၊ လာအို ၊ မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် စသည့် နိုင်ငံ (၆)နိုင်ငံ ပါဝင်သည့် ပြီးခဲ့သည့် “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုတွင် ဘက်အသီးသီးမှ ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသည့် ရာဇဝတ်မှု စုစုပေါင်း (၁၆၀)မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း (၇)သောင်းကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ (၁၆၀)ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_LE
Photo: ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီမှ တရုတ်နိုင်ငံကို လွှဲပြောင်းပေးစဥ် (ပုံဟောင်း)