စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် အက်စစ်တင်ထရပ်ကား ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် အက်စစ်တင်ထရပ်ကား ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် အက်စစ်တင် ထရပ်ကား ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ကြောင်း Brave Heart Army–BHA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ စစ်ကောင်စီ Jammer ကား (၈)စီးဖြင့် လုံခြုံရေးယူ၍ ထွက်လာသည့် အက်စစ်တင် ထရပ်ကားများနှင့် မှန်လုံ Express ကား (၃)စီးပါဝင်သည့် ယာဥ်တန်းအား ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း အက်စစ်တင်ထရပ်ကားများ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီအရာရှိများ လိုက်ပါလာသည်ဟု ယူဆရသည့် မှန်လုံ Express ကားများလည်း ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရကြောင်း Brave Heart Army – BHA အဖွဲ့က ဆိုသည်။

“မှန်လုံ Express ကားမှာ စစ်ကောင်စီအရာရှိတွေ လိုက်ပါလာတယ် ယူဆရတာ သတင်းရထားလို့ပါဗျ။ မိုင်းမဆွဲဘဲ ပစ်ခတ်ရခြင်းက မိုင်းထောင်ရင် နေရာပေါက်လို့ မိုင်းမထောင်ဘဲ ဒီအတိုင်း ကပ်ပြီး ပစ်လိုက်တာပါဗျ။ လမ်းကင်းအထပ်ထပ်ချထားတဲ့ ကြားကနေ ယာဉ်တန်းလာချိန် ကပ်ရလို့ပါ” ဟု Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ Jammer ကားပေါ်မှ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Brave Heart Army – BHA အဖွဲ့က ဦးဆောင်ပြီး ၊ Chindwin Fighter Group – CFG နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:Brave Heart Army – BHA