ခင်ဦးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်နှစ်လက် ပကဖ သိမ်းဆည်းရရှိ

ခင်ဦးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်နှစ်လက် ပကဖ သိမ်းဆည်းရရှိ
အောက်တိုဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးမြို့ ဗလီကွေ့အနီးတွင် စစ်ကောင်စီတပ်သားများနှင့် မြို့နယ်ပကဖအထူးအဖွဲ့တို့ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားများထံမှ လက်နက်နှစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

ဗလီကွေ့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များအား ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၃)ဦးသေပြီး MA1 တစ်လက်၊ G3 တစ်လက်ကို သိမ်းဆည်းရရှိခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်း Armed Revolution Force-KU က ဖော်ပြထားသော်လည်း သက်ဆိုင်ရာ မြို့နယ် ပကဖ အဖွဲ့ထံ Tachileik News Agencyက မေးမြန်းနေဆဲဖြစ်သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်နေ့ကလည်း ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသော အင်အား(၁၂၀)ပါ စစ်ကောင်စီတပ်ဖွဲ့သည် ရုံးစုမြောက်(ညောင်ပင်ကြီးစု)ရွာအတွင်း နင်းမိုင်းများထောင်ထားခဲ့ရာ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရွာသို့ပြန်ဝင်သည့် အသက်(၃၅)နှစ်အရွယ် အရပ်သားအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။  

ထို့အပြင် အောက်တိုဘာလ (၁၅)ရက်နေ့ ညပိုင်းတွင်လည်း စစ်ကြောင်းထွက်ပြီထင်၍ ရွာသို့ပြန်ဝင်သည့် ကိုမင်းမင်း အသက်(၄၀)နှစ်ဝန်းကျင်ကို ရုံးစုမြောက်(ညောင်ပင်ကြီးစု) စာသင်ကျောင်းအတွင်း ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက ပစ်သတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency