တောင်ငူတွင် ရေကြီးနေချိန် စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနှင့် ပစ်ခံရ

တောင်ငူတွင် ရေကြီးနေချိန် စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနှင့် ပစ်ခံရ

ပဲခူးတိုင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုဖြစ်နေချိန် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ရပ်ကွက်များအတွင်းဝင်ရောက်ကာ ပေါ်တာဆွဲပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး(၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က သောက်ရေခပ်ဆည်၊ ခပေါင်းဆည်နဲ့ ပသိဆည်တို့ကို ဖောက်ချနေသဖြင့် အောက်တိုဘာလ (၃)ရက်နေ့တွင် ရေပြန်လည်မြင့်တက်လာပြီး ကျေးရွာတချို့ ရေနစ်မြုပ်နေချိန် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များ၌ မီးဖြတ်ကာ ပေါ်တာလိုက်ဆွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနှင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ 

“တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ပစ်ခံရတာဟုတ်တယ်။ အသေးစိတ်ကိုမသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က ပေါ်တာဆွဲခြင်းကြောင့် လူငယ်တချို့ ဖမ်းဆီးခံရခြင်းများရှိနေပြီး မည်မျှဖမ်းဆီးခံရခြင်းနှင့် မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကိုမူ Tachileik News Agency အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

“ရေကတော့ နည်းနည်းကျတာပေါ့။ ဒါပေမယ့် စစ်ကောင်စီတပ်က မြို့ပေါ်မှာ ပေါ်တင်ပေါ်တာဆွဲနေတယ်။ မြို့ပေါ်ရပ်ကွက်တွေအကုန်လုံးကို မီးတွေဖြတ်၊ ပေါ်တာတွေဆွဲ အဲဒီလိုလုပ်နေကြတယ်။ အသိတစ်ယောက်လည်း ဖမ်းခံလိုက်ရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယမန်နေ့ည(၁၁)နာရီတွင် ပြောသည်။

အောက်တိုဘာလ (၁)ရက်နေ့ကစတင်ကာ မိုးများပြီး ရေပြန်လည်မြင့်တက်လာခြင်းကြောင့် တောင်ငူမြို့နယ် အနိမ့်ပိုင်းများ ဖြစ်သည့် ကန်ရိုးအရှေ့ပိုင်းကျေးရွာ၊ အောက်ချိုင်း၊ မြင်းဖြူအင်း၊ ကြက်လျှာစွန်းကျေးရွာ၊ (၁၀) ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ မြစ်ကြီးပေါက်၊ အလယ်ကျွန်းကျေးရွာများတွင် ရေမြုပ်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : တောင်ငူမြို့ရေကြီးမှုတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများ (ပုံဟောင်း)