မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်းရှိ ထန်းတောမကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း နွားထိုးကြီး(ပကဖ)မှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ထန်းတောမကျေးရွာတွင် အင်အား(၄၀)ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေလ (၁၇) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ဖက်တပ်ဖွဲ့များအကြား (၁) နာရီခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နွားထိုးကြီး(ပကဖ) မှ ဆိုသည်။
တိုက်ခိုက်မှုကို နွားထိုးကြီး(ပကဖ)နှင့် အတူ မြင်းခြံခရိုင် တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း (၈)၊ မြင်းခြံမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖနှင့် မလှိုင်မြို့နယ် ပကဖတို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် ဧပြီလ (၁၈)ရက်နေ့ကလည်း နွားထိုးကြီး (ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
#TachileikNewsAgency