မုံရွာမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်

မုံရွာမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင် (Transporter) တွဲကား အစီး(၃၀)ပါ ယာဉ်တန်းအား ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့မှ ဇွန်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ (၂၈) ရက်နေ့တွင် မုံရွာဖက်မှ ကြေးနီတင်တွဲကား အစီး(၃၀)ပါ ယာဉ်တန်းထွက်လာသည်ကို ကင်းထောက်များ၏ သတင်းပေးပို့ချက်အရ စောင့်ကြိုတိုက်ခိုက်ရန် ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တန်းအား စောင့်ကြိုတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း ခရီးသွားပြည်သူများ၏ ကားများနှင့် ဆုံနေသည့်အတွက် မိုင်းဆွဲတိုက်ခိုက်ရန် အခက်ကြုံခဲ့ရပြီး နေ့လယ် နှစ်နာရီခွဲခန့်တွင် အခက်အခဲကြားမှ ကြေးနီတင်နောက်ဆုံးတွဲကားအား မိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး၊ စစ်ကောင်စီဘက်မှ (၄၀) မမ များဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ဘဲ၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး မျက်မြင်သေဆုံးခဲ့ပြီး ခင်မွန်ဘက် စစ်ကောင်စီစခန်းသို့ ခေါ်ဆောင်သွားကြောင်း Area 71 PDF Monywa အဖွဲ့မှ ဆိုသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလိုပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၁၄)ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency