နောင်ချိုမြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ အရပ်သား တစ်ဦးသေဆုံး

နောင်ချိုမြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ အရပ်သား တစ်ဦးသေဆုံး
နိုဝင်ဘာ 14, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ညနေ(၄)နာရီကျော်တွင် စစ်ကောင်စီလေတပ်က (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်သွားရာ ဈေးရပ်ကွက်နှင့် CB ဘဏ် နောက်ကျောလမ်းကြားတို့ကို ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။ 

"CB ဘဏ် နောက်ကျောတည့်တည့် လမ်းကြားထောင့်က အိမ်ကနေစပြီး လမ်းထဲက အိမ်အတော်များများ ဆိုးဆိုးဝါးဝါးထိပါတယ်။ အဲဒီလမ်းထဲမှာ မြတ်ရတနာဆေးရုံလည်းရှိတာကြောင့် အဲဒီဆေးရုံလည်းထိပြီး မီးကူးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကြောင်း အတည်ပြုထားပြီး ဒဏ်ရာရရှိသူအရေအတွက်ကိုမူ မသိရသေးဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်က နောင်ချို့မြို့နယ်ကို လေကြောင်းမှ ဗုံး(၂)လုံး ကြဲချရာ အချုပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးသည်ဟု ဒေသခံများက ဆိုသည်။ 

နိုဝင်ဘာလ (၁၂)ရက်နေ့ကလည်း နောင်ချိုမြို့ ဈေးရပ်ကွက် လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲချရာ အရပ်သား(၁၁)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: CJ