တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း NUG ယာယီသမ္မတ ပြော

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း NUG ယာယီသမ္မတ ပြော

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခုအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး ၊ မဟာမိတ်များနှင့် ယုံကြည်မှုတည်ဆောက်ခြင်းသည် တော်လှန်ရေးကာလ တလျှောက်လုံး ဆက်တိုက်လုပ်ဆောင်သွားရမည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ယာယီသမ္မတ ဆိုသည်။

“မဟာမိတ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးဟာ ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ ရတဲ့ သဘောမျိုး မဟုတ်ဘူး ဆိုတာ နားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ဖြစ်စဉ် ဖြစ်တယ်။ Process ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်လှန်ရေးခရီးတစ်လျှောက်လုံး ဒီဖြစ်စဉ်ကို အသက်ဝင်အောင် ကြိုးစားတည်ဆောက်နေဖို့ လိုပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထိုသို့တည်ဆောက်မှသာ ပိုမိုအားကောင်းသည့် မဟာမိတ်ရေးရာ နိုင်ငံရေးပဋိညာဉ်များကို ခိုင်မာစေမည်ဖြစ်ပြီး တည်ဆဲအခြေအနေတွင် မဟာမိတ်များ၏ ယုံကြည်မှု ခိုင်မာစွာ ဆက်လက်ရရှိရေးသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် နွေဦးတော်လှန်ရေးတခုလုံးအတွက်လည်း အင်မတန် အရေးကြီးကြောင်း ယာယီသမ္မတက ထောက်ပြ ပြောဆိုသည်။

တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့များကိုလည်း တညီတညွတ်တည်းဖြစ်အောင် ဆက်လက်တည်ဆောက်နေရန် လိုအပ်ပြီး ၊ လက်နက်ကိုင်တော်လှန်ရေးသည် တယောက်တပေါက် ဖြစ်နေ၍ မရကြောင်း ယာယီသမ္မတက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း စုစည်းညီညွတ်မှုအား နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျတည်ဆောက်နိုင်အောင် ဆက်လက်ကြိုးစားရန် လိုအပ်ပြီး ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း နိုင်ငံ၏ မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်နိုင်ရန် ကြိုးစားစေချင်ကြောင်း ယာယီသမ္မတ တိုက်တွန်း ပြောဆိုသည်။

“ကျွန်တော်တို့ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာ ဒေသမှာမဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲအသင့်ရှိနေစေချင်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ချင်းပြည်နယ် ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အပါအ၀င် နိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်စစ်ပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်လျှက်ရှိကြောင်း သက်ဆိုင်ရာ ဒေသတော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: National Unity Government of Myanmar