သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များသိမ်းရာ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကိုဖမ်းမိ

သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များသိမ်းရာ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကိုဖမ်းမိ

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်များသိမ်းရာ တပ်ဆုတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်စခန်းအား ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့တွင် ထပ်မံ၍ လိုက်လံတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သည့် သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သိပ္ပံနှင့်နည်းပညာသုသေတနတပ်(သနတ-၁)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၂)၊ တန်းမြှင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)နှင့် ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)ခန့်သည် မြို့တွင်းမှ ထွက်ပြေးပြီး မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။  

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး (၇၀)ကျော် ကြဲချတိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးသီး (၁၅၀)ကျော်ကြဲချတိုက်ခိုက်၍ Mi-35 (၂)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဒုဗိုလ်မှူးကြီး စိုးမင်းသူအား ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ (၆၈)လက်၊ ကျည်မျိုးစုံ (၁၈,၆၆၉)တောင့်၊ ဗုံးသီးမျိုးစုံ (၄၂)လုံး၊ RPG ဒုံးသီး (၃၆)လုံး၊ Jammer (၃)လုံး၊ ဆက်သွယ်ရေးစက် (၁)ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရရှိကာ တော်လှန်ရေးတပ်ဘက်က ရဲဘော် (၄)ဦး ကျဆုံးသည်ဟု သိရသည်။ 

သပိတ်ကျင်းမြို့အား ဩဂုတ်လ (၁၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ (၁၉)ရက်နေ့တွင် မြို့အား သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီအဖွဲ့ဝင်များသည် မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားကြခြင်း ဖြစ်သည်။  

အဆိုပါ တပ်စခန်းကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း(၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ