တရုတ်နိုင်ငံက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ်  ပိုမိုပါဝင်ပက်သက်လာ

တရုတ်နိုင်ငံက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ်  ပိုမိုပါဝင်ပက်သက်လာ

၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများအပေါ် ယခင်နှစ်များထက် ပိုမိုပါဝင်ပက်သက်လာကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် စစ်ခေါင်းဆောင်များ ၊ စစ်အုပ်စုခေါင်းဆောင်ဟောင်းများနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များအား တွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း BACS အဖွဲ့မှ ဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် H.E. Mr. Chen Hai တို့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲစာရင်းအခြေအနေနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွန်လကုန်တွင် တရုတ်နိုင်ငံဘက်မှ ဖိတ်ကြားချက်နှင့် သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံခဲ့ကာ အဆိုပါ တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံဘက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ကြိုးပမ်းရေးနှင့် ရွေးကောက်ပွဲလမ်းဖွင့်မည့် ကြားဖြတ်အစိုးရတစ်ရပ်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စင်္ကာပူအခြေစိုက် CNA သတင်း၏ ရေးသားချက်အရ သိရှိရသည်။

 

ထို့အပြင် ဇူလိုင်လ (၄) ရက်နေ့ကလည်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် H.E. Mr. Chen Hai တွေ့ဆုံပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

BACS အဖွဲ့၏ ဇူလိုင်လ ပထမလဝက်အတွင်း စောင့်ကြည့်မှုအရ စစ်အာဏာသိမ်းဒုခေါင်းဆောင်စိုးဝင်းသည် တရုတ်ခရီးစဉ်တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ပြီး ၊ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးပါတီ (၄)ခုအား လေ့လာရေးခရီး ဖိတ်ခေါ်မှုများရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ  (၆)ရက်နေ့တွင် အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းသည် တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ခရီးစဉ်၌ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့သွဲ့နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးအပြင် အခြားကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြကြောင်း BACS အဖွဲ့မှ ဆိုသည်။

ဇူလိုင်လ (၈)ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီကိုယ်စား ရန်ကုန်ရှိ တရုတ်သံရုံးမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊  ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) များမှ ကိုယ်စားလှယ်များအား ဇူလိုင်လ (၂၀)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၇)ရက်ကြာ တရုတ်နိုင်ငံ လေ့လာရေးခရီးသွားရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ (၆) ရက်နေ့မှ ဇူလိုင် (၁၂)ရက်နေ့အထိ (၁)ပတ်တာအတွင်း၌ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာလုပ်ဆောင်မှု (၆)ကြိမ်ရှိခဲ့ပြီး အဆိုပါ (၆)ကြိမ်ထဲတွင် မဲစာရင်းစီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ်၊ MEVM မဲပေးစက်စမ်းသပ်မှု (၁)ကြိမ်၊ နိုင်ငံရေးပါတီများဆိုင်ရာလှုပ်ရှားမှု (၂)ကြိမ်နှင့် မဲဆန္ဒရှင်စာရင်းဆိုင်ရာ လှုပ်ရှားမှု (၁)ကြိမ်တို့ရှိခဲ့ကြောင်း BACS ၏ အချက်အလက် ကောက်ယူမှုအရသိရသည်။

နိုင်ငံရေးပါတီဆိုင်ရာလှုပ်ဆောင်မှုများတွင် ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ဝါရင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) နှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် (၄)နေရာ အနိုင်ရခဲ့ဖူးသည့် ဒီမိုကရေစီနှင့်လူအခွင့်ရေးပါတီတို့၏ မှတ်ပုံတင်ခွင့် လျှောက်ထားမှုများကို စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချခဲ့ကြောင်း သိရသည်။

KNC ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပုဒ်မ (၆)၊ ဒီမိုကရေစီနှင့်လူအခွင့်ရေးပါတီကို ဥပဒေပုဒ်မ (၅)တို့နှင့် ညှိစွန်းသည်ဟုဆိုကာ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်မှ အကြောင်းပြ၍ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း BACS မှ ဆိုသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများ ၊ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency