စစ်ကောင်စီက အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍ ခြိမ်းခြောက်ငွေညစ်ပြီး လူစားထိုးသည့် လုပ်ရပ်များကြောင့် ငွေကြေးရယူသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်အဖွဲ့ကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် နှင့် မြို့နယ်ရဲမှူး သန်းဇော် တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့် စာရင်းလိုက်လံစစ်ဆေးချိန်တွင် အသက်(၂၄)နှစ်ရှိ မောင်ကျော်မင်းခန့်အား ဧည့်စာရင်းတိုင်ကြားထား ခြင်းမရှိဘဲ ရောက်ရှိနေထိုင်သည့်အတွက် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွား သိရသည်။
ယင်းနောက် မောင်ကျော်မင်းခန့်၏ မိဘများထံသို့ ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်း စာရေး သူရိန်ညွန့်က ငွေကျပ်သိန်း (၁၃၀)ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုသည့်အတွက် ဇန်နဝါရီ (၂၅)ရက် မွန်းလွဲ (၃)နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်မှာ သတင်းပေးတိုင်ကြားလာမှုများကြောင့် စိစစ်ဖော်ထုတ်ချက်များအရ ငွေကျပ်သိန်း (၁၃၀)အား ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က (၂၅)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က( ၂၅ )သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က သိန်း(၃၀) ရယူပြီး မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက်အား ကျပ်သိန်း(၅၀) စသည်ဖြင့် အသီးသီး ခွဲဝေယူကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။
၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း (၁၃၀)ကိုလည်း ဇန်နဝါရီ (၂၆)ရက် ည (၉)နာရီခွဲတွင် ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး( တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း)ဦးသောင်းတင်ထွေးက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မောင်ကျော်မင်းခန့်၏ မိဘများကို ခေါ်ယူတွေ့ဆုံပြီး ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရန် အသိပေးထားပြီး မလိုက်နာပါ အရေးယူမည်ဟုလည်း အသိပေးကြေညာထားသည်။
ဒေသအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းရန်အတွက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး စေခိုင်းသလို ၎င်းတို့ကလည်း လူစားထိုးရန်အတွက် ငွေကြေးအများအပြား တောင်းမှုကို မြို့နယ်အသီးသီးလုပ်ဆောင်နေလျှက်ရှိပြီး ဧည့်စာရင်းများ စစ်ဆေးခြင်းဖြင့်လည်း ဖမ်းဆီးကာ လူစားထိုးမှုများလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။