ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေသည့် သတင်းများအား ကြိုဆိုသည်ဟု Justice For Myanmar က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ထုတ်ပြန်သည်။
BGF ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ(အမည်ရင်း စံမြင့်)၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူး တင်ဝင်းတို့ သုံးဦးအား လူကုန်ကူးမှုအတွက် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန်လုပ်ဆောင်နေကြောင်း သတင်းများကို ကြိုဆိုသည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါဖမ်းဝရမ်းများကို လျှောက်ထားရန် တိုက်တွန်းထားပြီး ဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဟုလည်း ဆိုသည်။
နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများအား အလျင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည်ဖြစ်သည်ဟု ဆိုသည်။
အပြစ်ရှိသူများအား တရားစွဲဆိုခြင်းသည် အဓိကလုပ်ဆောင်ရမည့်အခန်းကဏ္ဍဖြစ်ပြီး ယင်းအတွက် ဖမ်းဝရမ်းများသည် နောက်တစ်ဆင့်အနေဖြင့် ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေအနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ဟုလည်း ဆိုသည်။
BGF ခေါင်းဆောင် စောချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ(၉)ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်ဟု သိရသည်။
ယင်းမိသားစု၏ ပိုင်ဆိုင်မှုများတွင် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park)တို့မှတဆင့် အနည်းဆုံးအနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးနှစ်ခုတွင် ရှယ်ယာများလည်း ပါဝင်သည်ဟု ဆိုသည်။
စောတင်ဝင်းသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီများဖြစ်ကြသည့် Shwe Myint Thaung Yinn Holdings Limited နှင့် Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့် ပူးတွဲထိန်းချုပ်ထားသည်။
Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနိုလုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်နေသည်ဟု ဆိုသည်။
ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှုလုပ်ပြီး ယင်းက ထိုင်းနိုင်ငံပိုင် လုပ်ငန်းစုကြီးအား ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေသည်ဟု ဆိုသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သုံးဦးအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ် ကျော်ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် များအပေါ် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ဟုလည်း တိုက်တွန်းထားသည်။
“ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှု ပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။”ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေရဲ့ အကြောင်းရင်းမြစ်ဖြစ်သော မြန်မာစစ်တပ်ကိစ္စကိုလည်း မဖြစ်မနေ ဖြေရှင်းရန်လိုပြီး မြန်မာစစ်တပ်က မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ ဆက်ပြီးကျူးလွန်ရန် ဘဏ္ဍာငွေလိုအပ်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသ၍ သဘာဝဓါတ်ငွေ့ဝယ်ယူမှုမှတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေခြင်းကြောင့် ဆိုက်ဘာငွေလိမ်မှုများနှင့် လူကုန်ကူးမှုများ ဆက်ဖြစ်နေမည်ဟုလည်း ဆိုထားသည်။
မြန်မာ့အိမ်နီးချင်းဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်သော ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် ပြတ်သားသည့် အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရန်၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရရှိနေခြင်းများကို ဖြတ်တောက်ပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းနှင့် ဆိုက်ဘာငွေလိမ်မှုဘေးဆိုးများကို ဖြေရှင်းရန် တာဝန်ရှိသည်ဟုလည်း ဖော်ပြထားသည်။
ထိုင်းလူကုန်ကူးမှုဆိုင်ရာရှေ့နေများက ကရင်နယ်ခြားစောင့် BGF တပ်မှူးသုံးဦးအတွက် တရားရုံးမှ ဖမ်းဆီးခွင့် ဝရမ်းထုတ်ရန် အထောက်အထားများ မလုံလောက်သေးကြောင်း ယုံကြည်ကြသောကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(DSI)သည် ထပ်မံအထောက်အထားများစုဆောင်းရန် အကြံပြုထားသည်ဟု သိရသည်။
#TachileikNewsAgency