မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီအပါအဝင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ လွဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီအပါအဝင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ လွဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီအပါအဝင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တိုက်တွန်းတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးထံမှ သိရသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအား သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ကမ္ဘာကြီးတွင်ဖြစ်ပွားနေသည့် မကြုံဖူးသော နိုင်ငံရေးပဋိပက္ခများ၊ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ၊ နိုင်ငံတကာလုံခြုံရေး ဗိသုကာများ ယိုယွင်းလာမှုနှင့် နျူကလီးယား လက်နက်စကားလုံးကို မကြာခဏဆိုသလို ပြောကြားနေမှုများ ဖြစ်ပေါ်နေသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းမရှိသည့် နိုင်ငံများအပေါ် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများ၏ မည်သည့်ပုံစံဖြင့် ခြိမ်းခြောက်မှုမျိုးမဆို ရှုတ်ချကြောင်း ၊ မည်သို့သော နျူကလီးယားလက်နက်အသုံးပြုမှုမျိုးမဆို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းဖြစ်ပြီး ဆိုးရွားသော လူသားချင်းစာနာမှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်မည်ဖြစ်ကြောင်းနှင့် ယင်း ခြိမ်းခြောက်မှုများမှ ကင်းဝေးနိုင်ရေးမှာ နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလိုက်နာမည်ဖြစ်သည်ကို ထပ်လောင်းအတည်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ် (TPNW) ကို လက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက်စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာစာချုပ် (CTBT) အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

သို့ရာတွင် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင် အာဏာသိမ်းမှုကြောင့် TPNW အား အတည်ပြုလက်မှတ်ရေးထိုးရေး လုပ်ငန်းအပေါ် ရပ်တန့်စေခဲ့ပြီး ယင်းစိန်ခေါ်မှုများကို ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက်များအားလုံးအား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။



 

နျူကလီးယားလက်နက်နှင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များသည် ခွဲခြားမှုမရှိ အတိုင်းအတာမဲ့ ဖျက်ဆီးနိုင်စွမ်းရှိရာ ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်ကြီးမားပြီး ၊ မြန်မာပြည်သူများသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်၏ အာဏာသိမ်းယူမှုခံရပြီးနောက် ၎င်းတို့၏ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားနေခဲ့ကြရာ ယင်းလက်နက်များ၏ ဖျက်ဆီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာပြည်သူများအပေါ် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် အဖွဲ့ဝင်နိုင်ငံများအားလုံးသို့ တောင်းဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

နျူကလီးယားကင်းစင်သောကမ္ဘာကြီးဖြစ်ပေါ်စေရန် လိုက်နာရမည့် ကတိကဝတ်များကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝလိုက်နာမည်ကို ထပ်လောင်းအတည်ပြုကြောင်းနှင့် လုံခြုံစိတ်ချသည့် ကမ္ဘာကြီးပေါ်ပေါက်လာစေရေး ဆွေးနွေးညှိနှိုင်းများအားလုံးတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အမြဲအဆင်သင့်ရှိကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောဆိုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations