မောင်တောင်မြို့နယ် တောင်ပြိုလက်ဝဲစခန်းကို AA တိုက်ခိုက်နေရာ မီးလောင်နေပြီး စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထပ်မံထွက်ပြေး

မောင်တောင်မြို့နယ် တောင်ပြိုလက်ဝဲစခန်းကို AA တိုက်ခိုက်နေရာ မီးလောင်နေပြီး စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထပ်မံထွက်ပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထပ်မံထွက်ပြေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က တောင်ပြိုလက်ယာရှိ နယ်ခြားစောင့်တပ်စခန်းကို AAက သိမ်းပိုက်ပြီးနောက် ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် တောင်ပြိုလက်ဝဲရှိ နယ်ခြားစောင့်တပ်စခန်းကို ထပ်မံတိုက်ခိုက်နေရာ စခန်းလည်းမီးလောင်နေပြီး စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထပ်မံထွက်ပြေးနေသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ခိုလှုံခွင့်ပေးထားသည်ဟု သိရသည်။

“AAက တောင်ပြိုလက်ဝဲကို တိုက်နေတာ တစ်ညလုံးပဲ။ ဒီနေ့နံနက်ပိုင်းမှာ တောင်ပြိုလက်ဝဲစခန်းက စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂေါင်းဒုံးဘက်ကို ပြေးလာကြတယ်။ ဒီမနက်ပိုင်းအထိ ဒါဇင်ချီပြီး ပြေးလာနေကြတာတွေ့တယ်။ ဂေါင်းဒုံးနဲ့ တောင်ပြိုက သိပ်မဝေးဘူး။ ချောင်းသေးသေးပဲခြားတာ။ ဂေါင်းဒုံးနယ်ခြားစောင့်တပ်က စခန်းမှာသူတို့ကို ယာယီခိုလှုံခွင့်ပေးထားတယ်။”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂေါင်းဒုံးဒေသသို့ တိမ်းရှောင်နေသည့် ရိုဟင်ဂျာတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် တောင်ပြိုလက်ဝဲ၊ လက်ယာစခန်းများကို ပစ်ခတ်နေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။

“နောက်ထပ် မလာဘူးဆိုတာ ပြောလို့မရဘူးပေါ့ဗျာ။ သူတို့က (၅)ဦးဖြစ်ဖြစ်၊ (၁၀)ဦးဖြစ်ဖြစ် အစုလိုက် ထပ်ဝင်တာမျိုး။ စစ်ကောင်စီရဲ့ ရေဟတ်ဟဉ်တွေကင်းလှည့်ပြီး ပစ်ခတ်တာတွေလည်းလုပ်နေတယ်။ တောင်ပြိုလက်ယာနဲ့ တောင်ပြိုလက်ဝဲ (၂)ခုစလုံးကို ကင်းလှည့်တာတွေလုပ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ တောင်ပြိုလက်ယာစခန်းအား ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ ညပိုင်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး AAဘက်က ကျဆုံးသူရှိခဲ့သည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။  

အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀)နီးပါးသည် နယ်စပ်မှ တစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထွက်ပြေးသွားသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပြိုရွာ စာသင်ကျောင်းတွင် ခိုလှုံနေသည်ဟု သိရသည်။

#TachileikNewsAgency