ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ကျေးရွာ(၁၅)ရွာမှ ဒေသခံများ ထွက်ပြေးနေရ၊  ဒေသခံ (၅)ဦး ဖမ်းဆီးခံထားရပြီး PDF (၅)ဦး ကျဆုံး

ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးသဖြင့် ကျေးရွာ(၁၅)ရွာမှ ဒေသခံများ ထွက်ပြေးနေရ၊  ဒေသခံ (၅)ဦး ဖမ်းဆီးခံထားရပြီး PDF (၅)ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့တွင် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ‌( ၅ )ဦး ဖမ်းဆီးခံရကာ၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် (၅ )ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် အင်းပတ်၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ သဲကုန်းကြီး၊ မုံတော၊ ဒါန်းကုန်း၊ အောင်သာ၊ အင်းပေါက်၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာတို့မှ ဒေသခံ (၂၀,၀၀၀)ကျော် ထွက်ပြေးနေရပြီး အောင်သာရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အင်အား(၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ခင်ဦးနယ်အနောက်ခြမ်း၊ မြင်းဒေါင်းကျေးရွာအရှေ့ဘက် ရေဦး-ခင်ဦးကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတား အထိုင်ချ စစ်‌ကောင်စီတပ်များနှင့် ပူးပေါင်း၍ ခင်ဦး-မုံရွာ ရထားသံလမ်းဘေး၊ မြကန်ကျေးရွာအတွင်းသို့  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာရာ ပြည်သူ့ကာကွယ်ရေးများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းကို မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ပြည်သူ့ကာကွယ်ရေးရဲဘော် တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘောဖိုးကျော်၊ ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရကာ ဒေသခံအမျိုးသားပြည်သူ(၅)ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များ မီးရှို့ ဖျက်ဆီးခြင်းကြောင့် အောင်သာရွာမှာ ပျက်စီးဆုံးရှုံးမှုများပြီး ဒေသခံများ ပြန်မဝင်နိုင်သေးဟုလည်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ခင်ဦးအနောက်တောင်ခြမ်း ကျွန်းလည်ရွာ၊ ဘုန်းကြီးကျောင်းတွင် ကျေးရွာအတွင်းရှိ နွား၊ ဝက်များ ခိုးယူသတ်ဖြတ်စားသောက်နေခဲ့ကြပြီး ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိနေသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

 

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး