မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

တော်လှန်ရေးတပ်များက တိုက်ခိုက်နေသည့် ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးဖြင့် မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ပြီးနောက် ထပ်မံ၍ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံကြဲချတိုက်ခိုက်သည်ဟု သိရသည်။

“မင်းတပ်မြို့ပေါ်ကို ပထမလေကြောင်းတိုက်ခိုက်ပြီးမကြာဘူး ဒုတိယအကြိမ်ထပ်ပြီး လေကြောင်းတိုက်ခိုက်သွားတယ်။ ပွိုင့်ဖိုက်တွေနဲ့လည်း ပစ်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။  

ထို့အပြင် စစ်ကောင်စီတပ်သည် နံနက်(၅)နာရီဝန်းကျင်ကလည်း Y-12 လေယာဉ်ဖြင့် ပထမအကြိမ် ဗုံးလာကြဲသွားပြီးနောက် ဒုတိယအကြိမ်တွင် (၁၂၀)မမ ဗုံးသီး (၄)လုံးတွဲ၊ (၇)လုံးတွဲများဖြင့် ဗုံး(၇၄)လုံး ထပ်မံကြဲချသည်ဟု ဆိုသည်။

ယမန်နေ့ ည(၁၀)နာရီကျော်ကလည်း စစ်ကောင်စီတပ်သည် မင်းတပ်မြို့ပေါ်ကို (၁၂၀) မမ၊ (၈၀)မမ လက်နက်ကြီးများဖြင့် အကြိမ်(၂၀)ကျော်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ချင်းညီနောင်အဖွဲ့သည် မင်တပ်နှင့် ဖလမ်းမြို့တို့တွင် နိုဝင်ဘာလ (၉)ရက်နေ့မှစတင်ကာ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းညီနောင်အဖွဲ့က နိုဝင်ဘာလ (၁၃)ရက်နေ့က ထုတ်ပြန်အသိပေးထားသည်။

ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့လည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ယခုစစ်ဆင်ရေးတွင် ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟုလည်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေပုံ (ပုံဟောင်း)