ကန့်ဘလူမြို့နယ်အတွင်း ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် စစ်ရှောင်နေရသည့် ပြည်သူများ မြွေပွေးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရ၍ မြွေအဆိပ်ဖြေဆေးအတွက် အလှူရှင်များ လိုအပ်နေ

ကန့်ဘလူမြို့နယ်အတွင်း ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် စစ်ရှောင်နေရသည့် ပြည်သူများ မြွေပွေးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရ၍ မြွေအဆိပ်ဖြေဆေးအတွက် အလှူရှင်များ လိုအပ်နေ
ဧပြီ 22, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ကိုးတောင်ဘို့ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒေသခံများမှာ မြွေပွေးအန္တရာယ် နှင့်ပါ ကြုံတွေ့နေရပြီး မြွေကိုက်ခံရမှုများပါရှိနေသည့်အတွက် မြွေဆိပ်ဖြေဆေးအတွက် အလှူရှင်များ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်း ဝင်ရောက်ကာ PDF များဟု စွပ်စွဲပြီး ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများအထိ ပြုလုပ်နေသည့်အတွက် ကိုးတောင်ဘို့ရွာမ အပါအဝင် ကျေးရွာပေါင်း (၁၂)ရွာကျော်မှ ဒေသခံပြည်သူ (၂၀၀၀၀)ကျော်မှာ နေရပ်စွန့်ခွာကာ တောတောင်ထဲတွင် တဲထိုးပြီး တိမ်းရှောင်နေကြရဲဆဲ ဖြစ်ကြောင်း သိရသည်။

"(၁၂)ရွာထဲက ရွာထဲကို အနည်းအကျဉ်းသာ ပြန်ဝင်ရဲကြတာပါ။ တိမ်းရှောင်နေရသူ (၂၀,၀၀၀)ဝန်းကျင် ရှိနေပါသေးတယ်။ မိုးကျချိန်မြွေတွေက ပေါများလာလို့ တကယ်ဒုက္ခရောက်နေကြတာပါ။ ဆေး အရေအတွက် (၁၀၀)မှာထားတဲ့ အတွက် အလှူငွေရှာရခြင်း ဖြစ်ပါတယ်ဗျ"ဟု Kotaungbo Revolution KTB-R မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ဧပြီလ(၂၂)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကိုးတောင်ဘို့ဒေသအတွင်း ၂၀၂၂ခုနှစ် မတ်လ(၂၉)ရက်နေ့က စတင်ကာ ယနေ့ ဧပြီလ(၂၂)ရက်နေ့အထိ တပ်စွဲထားခြင်းဖြစ်ပြီး နေ့စဉ် နီးပါး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက်ကြောင့်လည်း ဒေသခံပြည်သူများမှ တောတောင်ထဲသို့ ပုန်းအောင်းနေထိုင်နေရာမှ မြွေပွေးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။ 

"စစ်ခွေးတွေဟာ ကိုးတောင်ဘို့ရွာမထိပ်က ကားလမ်းဘေး နေအိမ်တွေမှာ တပ်ချနေထိုင်တဲ့အတွက် ကျေးရွာတွင်းတိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်ပါတယ်။ တချို့ရွာသားတွေ အိမ်ကိုအရဲစွန့်ပြန်ဝင်ကြပေမယ့်လည်း လက်နက်ကြီးသံတွေကြားရင် ပြန်ထွက်ပြေးလာကြရပါတယ်။ တောတောင်၊ လယ်ကွင်းတွေထဲမှာ နေထိုင်ရင်း မြွေပွေးကိုက်ခံရသူ (၅)ဦးထိ ရှိလာပါပြီ။ သိုလှောင်ထားတဲ့ မြွေဆိပ်ဖြေဆေး အနည်းငယ် နဲ့ CDM ဆရာဝန်၊ဆရာမတွေ ကုသပေးမှုကြောင့် အသက် မဆုံးရှုံးရသေးပေမယ့် မြွေဆိပ်ဖြေဆေး မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ မြန်မာမြွေဆိပ်ဖြေဆေး(VPI)ဟာ ဝယ်လို့ မလွယ်ကူတဲ့အထိ ရှားပါးနေပါပြီ။ အပြင်မှာဝယ်ယူဖို့ ကြိုးစားသော်လည်း ကာလတန်ဖိုး ကျပ်(၈)သောင်းလောက်ရှိနေလို့ ဝယ်ဖို့အဆင်မပြေ ဖြစ်နေရပါတယ်။"ဟု  Kotaungbo Revolution KTB-R က ဆိုသည်။

လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေအရ မြွေဆိပ်ဖြေဆေးကို မှာထားပြီဖြစ်၍ စေတနာရှင်များအနေဖြင့် မြွေဆိပ်ဖြေဆေး တစ်လုံးစာလျှင် ကျပ်(၈၀,၀၀၀)နှုန်းဖြင့်  Kotaungbo Revolution KTB-R ၏ Messager ကနေ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အကူညီတောင်းခံထားသည်ကို တွေ့ရသည်။