မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး လူနေအိမ် ၃ လုံး ပျက်စီး

မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး လူနေအိမ် ၃ လုံး ပျက်စီး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေ မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ တစ်ဦး ထိခိုက်ပြီး လူနေအိမ် (၃) လုံး ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ဆယ်နာရီခွဲတွင် စစ်ကောင်စီတပ် ခလရ (၆၀) တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အောင်စိုးမိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးတွင်းကာလ ဖြစ်သည့်အတွက် ဝမ်းရောဂါများ ဖြစ်ပွားနေကြပြီး နေရာထိုင်ခင်းနှင့် ဆေးဝါး မလုံလောက်မှု အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၅)သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency