စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး ဒေါနတပ်ရင်းထံအလင်းဝင်လာ

စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး ဒေါနတပ်ရင်းထံအလင်းဝင်လာ
စက်တင်ဘာ 16, 2024 | 2021 Military Coup| အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ (၂)ဦး အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်းက ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။ 

အဆိုပါ ဗိုလ်မှူးအဆင့်ရှိသူ (၂)ဦးသည် စက်တင်ဘာလ(၁)ရက်နေ့တွင် ဒေါနတပ်ရင်းထံသို့ ဆက်သွယ်ကာ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ဗိုလ်မှူးနှစ်ဦး၏ မိသားစုလုံခြုံရေးရှိသေးသည့်အတွက် သူတို့ရဲ့တောင်းဆိုချက်ကြောင့် တပ်ရင်းအမည်နဲ့ နာမည်ပြောပြလို့ မရသေးလို့ပါဗျ။"ဟု ဒေါနစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယုယက Tachileik News Agency ကို ပြောသည်။ 

၎င်းတို့နှစ်ဦးမှာ မတူညီသည့် စစ်ကောင်စီတပ်ရင်းများမှ ဖြစ်ပြီး တစ်ဦးတွင် MA-3 တစ်လက်နှင့် MA-5 တစ်လက် ပါလာကြောင်း သိရသည်။

"လက်နက်ခဲယမ်းပါတဲ့သူကို ပါလာတဲ့ လက်နက်အမျိုးအစားပေါ် မူတည်ပြီး (၁၁)သိန်းဆုချီးမြင့်ထားပြီး မပါတဲ့သူကို လက်ရှိမှာ (၁၀)သိန်းကျပ် ချီးမြင့်ထားပါတယ်ဗျ။"ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ကို ဒေါနတပ်ရင်းမှ လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားပြီး CDM ပြုလုပ်သည့်အရာရှိများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပြည်သူ့သားကောင်းများအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ် ထားကြောင်း သိရသည်။

#TachileikNewsAgency