အနည်းဆုံး ရက်ချ်စတာစကေး ၈ အထက်ခံနိုင်သည့် အဆောက်အဦးများဖြစ်အောင် ဆောက်လုပ်ကြရန် စစ်ခေါင်းဆောင်ပြော

အနည်းဆုံး ရက်ချ်စတာစကေး ၈ အထက်ခံနိုင်သည့် အဆောက်အဦးများဖြစ်အောင် ဆောက်လုပ်ကြရန် စစ်ခေါင်းဆောင်ပြော

အနည်းဆုံး ရက်ချ်စတာစကေး (၈)အထက်ခံနိုင်သည့် အဆောက်အဦးများဖြစ်အောင် ဆောက်လုပ်ကြဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆိုသည်။

အထက်မြင့်နှင့် အခိုင်အမာ အဆောက်အဦးများဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး (၈)အထက်ခံနိုင်သည့် အဆောက်အဦးများဖြစ်အောင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ခုနှစ် ဧပြီလ (၅)ရက်နေ့က ပြုလုပ်သည့် ၎င်းတို့အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

“ရက်ချ်စတာစကေး ၆ နှင့် ၇ ပတ်ဝန်းကျင် လှုပ်လေ့လှုပ်ထရှိပြီး အမြင့်ဆုံးမှာ ရက်ချ်စတာစကေး ၈ အထိ အမြင့်ဆုံးလှုပ်ခတ်ခဲ့သဖြင့် ငလျင်သက်ရောက်သည့်ဒေသတွင်ရှိသည့် ဒေသများ၌ အဆောက်အဦးများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်ရန်လိုကြောင်း”ဟု စစ်ခေါင်းဆောင်က ပြောသည်။

အဆောက်အဦများ ဆောက်လုပ်ရာတွင် ခိုင်ခံ့မှုကို အလေးမထားသည့်အတွက် မလိုလားအပ်သည့်ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အဦများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများမရှိသည်ကို စိစစ်တွေ့ရှိရသည်ဟုလည်း ဆိုသည်။

ထိုသို့ သတ်မှတ်ချက်နှင့် မညီညွတ်ဘဲ ဆောင်ရွက်ထားသည်များကို ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်သွားရန်လိုပြီး အဆောက်အဦး ဆောက်လုပ်မှုနှင့်ပတ်သက်၍ နောင်တွင်ဆောက်လုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့အစည်းများအနေဖြင့် မြို့နယ်နှင့် ခရိုင်များအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများနှင့်ပူးပေါင်း၍ အဆောက်အဦးဆောက်လုပ်မှုများကို စနစ်တကျ ကြပ်မတ်စိစစ်မှုများ ဆောင်ရွက်သွားရန်လိုသည်ဟု ဆိုသည်။

“လက်ရှိတိုင်းပြည်မှာ ဆောက်နေတဲ့ အဆောက်ဦးတွေရဲ့ အရည်အသွေးကိုပဲ တိကျတဲ့ အင်ဂျင်နီယာ အဖွဲ့အစည်းနဲ့ စနစ်တကျဆောက်နိုင်အောင် အရင်ကြိုးစားပါဦးလို့ ပြောချင်ပါတယ်။ မြန်မာပြည်မှာ ပြည်သူ့အစိုးရ လက်ထက်က တင်းကျပ်တဲ့ အရည်သွေးစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးထားတဲ့ မြရည်နန္ဒာအိမ်ယာလို အဆောက်ဦးကောင်းတွေ သေချာစနစ်တကျ ဆောက်နိုင်ရင်ကို အခုလိုအသေပျောက် အပျက်အစီး အသေချာနည်းမှာ အမှန်ပါ။ အင်အား ၈ ခံနိုင်တာထက် အရည်သွေးရှိတဲ့ အဆောက်ဦးဆောက်ဖို့ပဲ အရင်ဆုံးကြိုးစားစေချင်ပါတယ်။”ဟု အင်ဂျင်နီယာတစ်ဦးက Tachileik News Agency ကိုပြောသည်။

အင်အား ၇.၇ အဆင့်ရှိသည့် ငလျင်ကြောင့် သေဆုံးသူ(၃၄၅၅)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ(၄၈၄၀)ဦး၊ ပျောက်ဆုံးနေသူ(၂၁၄)ဦးရှိပြီး အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက်အဦးပေါင်း(၅၂၂၃)လုံး၊ စာသင်ကျောင်းပေါင်း (၁၈၂၄)ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်(၂၇၅၂) ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးသည်ဟု သိရသည်။

ထို့အပြင် ဘုရားစေတီပေါင်း(၄၈၁၇)ခု၊ ဆေးရုံဆေးခန်း(၁၆၇)ခုပျက်စီးပြီး ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

တံတား(၁၆၉)စင်း၊ ဆည်မြောင်းတမံ (၁၉၈)ခုနှင့် အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း(၁၈၄)ခု ထိ ခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြသော်လည်း ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းနှင့် ဗလီများ ပျက်စီးမှုကိုမူ စစ်ကောင်စီက ဖော်ပြခြင်းမရှိပါ။

#TachileikNewsAgency