ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO)ဌာနချုပ် လိုင်ဇာမြို့အနီး မဒီယာန်ကျေးရွာ အနီးဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIAတို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ ညပိုင်းမှစ၍ ယနေ့ ဇူလိုင်လ (၁၄)ရက် နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်က ခလရ (၁၃)၊ ခလရ(၈၃)၊ ခလရ(၁၀၃)၊ ခလရ(၂၃၆)နှင့် ခလရ(၁၇) တပ်များက စစ်ကြောင်းထိုးလာရာ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA) လိုင်ဇာဌာနချုပ် အထူးလုံခြုံရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိုမူ မသိရသေးဟုလည်း ဆိုသည်။
ထို့အပြင် ဇူလိုင်လ (၁၃)ရက်နေ့ကလည်း ကချင်ပြည်နယ် ဗန်းမော်-ဒေါ့ဖုန်ယာန်မှ နမ့်ဆန်ယာန် ရှေ့တန်းစစ်မြေပြင်သို့ စစ်ကူပေးရန် ထိုးစစ်ဆင်လာ သည့် စစ်ကောင်စီတပ် ခလရ(၅၆)၊ ခလရ(၇၇)ပူးပေါင်းခြေလျင်တပ်ရင်းအဖွဲ့အား KIA တပ်မဟာ(၅)၊ အမှတ်(၂၄) တပ်ရင်း၊ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း သိရသည်။
ဇူလိုင်လ (၁၂)ရက်နေ့ကလည်း မြစ်ကြီးနားမြို့ဘက်မှ လိုင်ဇာဌာနချုပ်အနီး နမ့်ဆန်ယာန် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခမရ(၃၁၈)နှင့် ခမရ(၃၈၅)တို့ကို ဆမားလမ်း၊ ဂျာပူကျေးရွာနှင့် ကန်ဇူးကျေးရွာကြားတွင် KIAက တိုက်ခိုက်ခဲ့သေးသည်။
#TachileikNewsAgency
Photo: KIAတပ်ဖွဲ့ဝင်များ (ပုံဟောင်း)