သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီပစ်ခတ်မှု သေဆုံးသူ ၆၄ ဦးအထိရှိလာ

သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီပစ်ခတ်မှု သေဆုံးသူ ၆၄ ဦးအထိရှိလာ

ရခိုင်ပြည်နယ် သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ(၁၀၀)ဝန်းကျင် ရှိနိုင်ပြီး လက်ရှိတွင် (၆၄)ဦးအတည်ပြု မြေမြှုပ်ပြီးကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ရုတ်တရက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၄ ခုနှစ် ‌ဇွန်လ (၄)ရက်နေ့တွင် ကြည်း၊ ရေ၊ လေဖြင့် တိုက်ခိုက်ရာ တစ်ရွာလုံးနီးပါး ပျက်စီးပြီး အလောင်းပင် မကောက်နိုင်ဘဲ ဒေသခံများ ထွက်ပြေးခဲ့ရကာ လက်ရှိတွင် ဒေသခံတချို့ ပြန်လည်ဝင်ရောက်နေခြင်းဖြစ်သည်။  

"အိမ်တွေလည်း ဖောက်ထွင်းခံထားရပါတယ်။ သေသူအရေအတွက်ကတော့ များပါတယ်။ လက်ရှိ (၆၄)ဦးကို မြှုပ်နှံလိုက်ပါပြီ။ 

ပျက်စီးမှုများတာက ဆလီကုန်းပိုင်း၊ မော်ဖျားပိုင်း၊ ရခိုင်စုဖက်တွေပါ။ သေဆုံးသူထပ်ရှိနိုင်ပါတယ်။ အဲဒီဘက်ကို နေဗီက ထပ်ပစ်ခတ်နေတာကြောင့် သွားမရတာပါ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ဇွန်လ(၇)ရက်နေ့တွင် ပြောသည်။

ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်ကို မေးမြန်းနိုင်ခြင်းမရှိသော်လည်း သေဆုံးသူများထဲတွင် ဝန်ထမ်းများလည်း ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီသည် ယင်းနေ့ နံနက်ပိုင်းကစတင်၍ ဆင်ခေါင်းရွာကို ကြည်း၊ ရေ၊ လေဖြင့် တနေကုန် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများမှာ သဗြုချိုင်ရွာ၊ တောင်ကုတ်မြို့နှင့် ကင်းမော်၊ သံတွဲမြို့များသို့ ထွက်ပြေးခဲ့ရသည်။

"လက်နက်ကြီးက အလုံး(၅၀)လောက်ကျတယ်။ လေယာဉ်နဲ့က တခါကြဲရင် ဗုံး(၅)လုံးကြဲတာ။ ဘာမှယူချိန်မရဘူး ပြေးရတာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ယမန်နေ့ကလည်း ဂေါ့ကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်  လေကြောင်း အသုံးပြု တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency