စစ်မှုထမ်းစုဆောင်းခံရပြီး စစ်သားဖြစ်လာသည့် ရေးမြို့အခြေစိုက် ခမရ ၅၈၇ မှ တပ်သားတစ်ဦး PDF ထံ အလင်းဝင်

စစ်မှုထမ်းစုဆောင်းခံရပြီး စစ်သားဖြစ်လာသည့် ရေးမြို့အခြေစိုက် ခမရ ၅၈၇ မှ တပ်သားတစ်ဦး PDF ထံ အလင်းဝင်

မွန်ပြည်နယ် ရေးမြို့အခြေစိုက် ခမရ (၅၈၇) တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းစုဆောင်းခံရပြီး စစ်သားဖြစ်လာသူ တပ်သားတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

စစ်မှုထမ်းစုဆောင်းခံရပြီး ရေးမြို့အခြေစိုက် ခမရ (၅၈၇) တွင် တာဝန်ထမ်းဆောင်နေရသည့် တပ်သားတစ်ဦးသည် ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်သားသည် မြိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အတင်းအကြပ် စစ်မှုထမ်းသစ် စုဆောင်းခြင်းခံရပြီး ပလောက်မြို့ အခြေစိုက် အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို-၁၂) တွင် ၂၀၂၄ခုနှစ် ဧပြီလမှစ၍ (၁၂)ပတ်ကြာ စစ်သင်တန်းများ တက်ရောက်ခဲ့ရကြောင်း သိရသည်။

အခြေခံစစ်သင်တန်းများ သင်ကြားပို့ချပြီးနောက် ရေးမြို့အခြေစိုက် ခမရ (၅၈၇) သို့ စေလွှတ်ခြင်းခံရပြီး (၂) လအကြာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်နိုင်ပြီးနောက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား လက်ရှိအချိန်တွင် ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး လိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဆိုသည်။

 

နိုင်ငံအနှံ့ စစ်မျက်နှာအများအပြား ရင်ဆိုင်နေရပြီး စစ်သားအင်အားလိုအပ်ချက်များပြားနေသည့် စစ်ကောင်စီသည် ပြည်သူများအား အဓမ္မစစ်မှုထမ်းဆောင်စေရန် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် အပတ်စဉ်တစ်ခုလျှင် ပျှမ်းမျှ လူဦးရေ (၅၀၀၀) ဝန်းကျင် ခေါ်ဆောင်လျှက်ရှိသည်။

#TachileikNewsAgency

Photo: PDF Myeik District Battalion 1 - P23401