တောင်ဒဂုံ ( ၂၆ ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် အုပ်ချုပ်ရေးမှုးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် 

တောင်ဒဂုံ ( ၂၆ ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် အုပ်ချုပ်ရေးမှုးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် 

 ရန်ကုန်တိုင်း၊ တောင်ဒဂုံ ( ၂၆ ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် အုပ်ချုပ်ရေးမှူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Civilian Military SRDF အဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ( ၁၀ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ဒဂုံ ( ၂၆ ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် အုပ်ချုပ်ရေးမှုး ဦးရဲသူရနှင့် စစ်ကောင်စီအဖွဲ့ဝင်များ ရွေးကောက်ပွဲနှင့် အသက် ( ၃၅ ) နှစ်အထက်အမျိုးသားများ ကာကွယ်ရေးအဖွဲ့ စာရင်းကောက်ဖွဲ့စည်းရေးအတွက် အစည်းအဝေး ကျင်းပနေစဉ် စက်တင်ဘာလ ( ၉ ) ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ဦး ထိတယ်လို့ သိရပါတယ် ၊ သေ မသေတော့ မသိရသေးပါဘူး ။ အခုတော့ စစ်ကားတွေထပ်ရောက်လာပြီး တပ်စွဲပါတယ် ။ ရဲဘော်တွေက ဘေးကင်းတဲ့နေရာ ရောက်ကြပါပြီ ၊ အကုန် Safe ဖြစ်ပါတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ( ၁၅ ) လက်အောက်ခံတပ်မှ တာဝန်ခံ ကိုစောဂျွန်က Tachileik News Agency သို့ ပြောသည်။

တောင်ဒဂုံ ( ၂၆ ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် မကြာခင် အုပ်ချုပ်ရေးမှုးပြောင်းမည်ဟု ဆက်လက်သိရှိထားပြီး ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း Civilian Military SRDF အဖွဲ့မှ အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအား ရွှေဘိုခရိုင်တပ်ရင်း ( ၁၅ ) ၊ Eagle Guerrila Force - ဗိုလ်ကောက်ရိုး ၊ Civilian Military SRDF လက်ရွေးစင်အထူးစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သြဂုတ်လ ( ၆ ) ရက်နေ့ကလည်း မန္တလေး တက္ကသိုလ်အတွင်းပြုလုပ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ စစ်ကောင်စီခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးတို့လာရောက်စဉ် ရွှေဘိုခရိုင်တပ်ရင်း ( ၁၅ ) လက်အောက်ခံ Civilian Military SRDF လက်ရွေးစဉ် အမျိုးသမီးရဲဘော်များမှ တိုက်မိုင်း ( ၂ ) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။