ကရင်နီပြည်နယ်တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားများ အလင်းဝင် 

ကရင်နီပြည်နယ်တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားများ အလင်းဝင် 

ကရင်နီပြည်နယ်တွင်း လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့၊ ဆီဆိုင်မြို့နယ်တို့တွင် KNDF တပ်များနှင့် စစ်ကောင်စီတပ်များအကြား ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားသည်ဟု သိရသည်။ 

KNDF တပ်ရင်းများနှင့်အတူ တော်လှန်ရေးတပ်များပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ဦးကျော် သေဆုံးသည်ကို မြေပြင်အတည်ပြုနိုင်ခဲ့ကာ စစ်ကောင်စီဖက်မှ ဒုအရာခံဗိုလ် တစ်ဦး၊ တပ်သား (၉)ဦး လက်နက် (၇)လက်နှင့်အတူ အလင်းဝင်သည်ဟု KNDF က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။

မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်တွင် စုဖွဲ့ရောက်ရှိနေသော စစ်ကောင်စီ၏ စစ်ကြောင်းအချို့မှာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး စစ်ကြောင်းထိုးရန် ကြိုးပမ်းနေ၍ တစ်လလုံး နေ့စဉ်တိုက်ပွဲဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလအတွင်း KNDF မှ ရဲဘော်(၆)ဦး ကျဆုံးခဲ့ရသည်ဟု ဆိုသည်။ 

ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်(၃၀)နှင့်အထက် ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၂)ဦး အပါအဝင် အရပ်သားပြည်သူ (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁)ဦး အပါအဝင် စုစုပေါင်း အရပ်သား(၁၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီဘက်က မိုးဗြဲမြို့သို့ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် (၃၀)နီးပါးနှင့် ဘာသာရေးအဆောက်အဦးများ ပျက်စီးသည်။ 

ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် (၃၈)လုံးနှင့်အထက် ပျက်စီးခဲ့ပြီး စာသင်ကျောင်း (၂)ကျောင်း၊ ဘုန်ကြီးကျောင်း (၅)ကျောင်းထိခိုက်ပျက်စီးသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo: KNDF - Karenni Nationalities Defence Force