မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီပူပေါင်း ပျူစောထီးစခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ကျားတက်ထိုးကာ သိမ်းပိုက်

မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီပူပေါင်း ပျူစောထီးစခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ကျားတက်ထိုးကာ သိမ်းပိုက်

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအ‌‌‌‌ခြေချစခန်းအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ မအူရွာတွင် အခြေစိုက်ထားသည့် အဆိုပါစခန်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၀)ရက်၊ ညနေပိုင်းက  အပြီးအပိုင် စခန်းသိမ်းနိုင်ခဲ့သည်ဟု Freedom Revolution Force က ယနေ့ ဧပြီလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စခန်းသည် အခိုင်အမာ တည်ဆောက်ထားပြီး မြေအောက်ဘန်ကာများ ကတုတ်ကျင်းများဖြင့် ခံစစ်ပြင်တည်ဆောက်ထားသည့် စခန်းဖြစ်သည်ဟု သိရသည်။

မဟာမိတ်တပ်ဖွဲ့ဘက်မှ (၄၀)မမလက်နက်ကြီးများ၊ စနိုက်ပါများ၊ မောင်းပြန်ရိုင်ဖယ်များဖြင့် (၃) နာရီခန့်ကြာ တိုက်ခိုက်ပြီး ကျားထိုးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ MI 35 တစ်စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံးများစွာဖြင့် စခန်းအား စွန့်ခွါသွားခဲ့ရသည်ဟု သိရသည်။

တိုက်ပွဲတွင် ပူးပေါင်းတပ်မှ ရဲဘော် (၃)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်မီးရှို့နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို FRF (Eagle 2) စစ်ကြောင်းနှင့်အတူ KG အဖွဲ့၊ မင်းကင်းမြို့နယ် PDF၊ မင်းကင်းပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၉)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၄) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။