မန္တလေးမြို့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ မှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်

မန္တလေးမြို့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ မှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်

မန္တလေးတိုင်း မန္တလေးခရိုင် အောင်မြေသာဇံမြို့နယ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ မှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀) ရိုးမရာဇာအဖွဲ့ထံမှ သိရသည်။

အောင်မြေသာဇံမြို့နယ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ မှ တပ်ကြပ်တစ်ဦးသည် မန္တလေးတိုင်း မတ္တရာမြို့နယ် သုံးဆယ်ပေးရွာမှ ၂၀၂၄ မေလ (၁၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)သို့  လက်နက်နှင့်တကွ အလင်းဝင်ရန်ချိတ်ဆက်ခဲ့ပြီး ဇွန်လ (၃၀) ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

တပ်ကြပ်သည် ၎င်းနှင့်အတူ MA-1 တစ်လက်၊ ကျည်ဘောက် (၃)ခု ၊ ကျည် (၂၃၉)တောင့်နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းအား ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)မှ တပ်ရင်းမှူးနှင့်တကွ ရဲဘော်များ၊ ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အလင်းဝင်တပ်ကြပ်အား ဆုချီးမြှင့်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး NUG အစိုးရ၏ ထောက်ပံကြေးအပါအဝင် သိန်း (၈၀) ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ရိုးမရာဇာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ပြောသည်။

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)သို့ အလင်းဝင်ရောက်ခဲ့သည့် တပ်ကြပ်နှစ်ဦးရှိပြီဖြစ်ပြီး ဆက်လက်၍ အလင်းဝင်ရောက်လိုသူများကိုလည်း ကြိုဆိုလျှက်ရှိပြီး အားလုံးကို ပြည်သူများနှင့်အတူ ပူးပေါင်းစေရန် တိုက်တွန်းလိုကြောင်း ရိုးမရာဇာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: YOMA YAR ZAR