ရွှေဘိုမြို့နယ်အတွင်း စစ်ရေးပစ်မှတ်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး အလုံး ( ၃၀ ) ကျော် ပစ်ချတိုက်ခိုက်

ရွှေဘိုမြို့နယ်အတွင်း စစ်ရေးပစ်မှတ်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး အလုံး ( ၃၀ ) ကျော် ပစ်ချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့မှ (၂၂) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဒရုန်းဖြင့် ဗုံးသီးအလုံး (၃၀)ကျော် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း Shwebo Crocodile အဖွဲ့ထံမှ သိရသည်။

ရွှေဘိုမြို့အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား (၄) ဦးအား သတ်ဖြတ်၍ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခဲ့သည့် အင်အား (၁၅၀) ခန့် ပါရှိသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် စက်တင်ဘာလ (၁၆) ရက်နေ့၌ ပန်းရံပျူရွာတွင် အောင်ပွဲခံ သောက်စားနေစဉ် ဒရုန်းဖြင့် ဗုံးသီး (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တဆက်ထဲတွင် မင်္ဂလာပျူရွာ ကင်းစခန်းအား ဒရုန်းဖြင့် ဗုံးသီး ( ၂ ) လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး နောက်ရက်များတွင် ပန်းရံပျူရွာနှင့် သီလုံးပျူရွာတို့အား ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ( ၁၉ ) ရက်နေ့တွင် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ရွှေဘို ဆိပ်ခွန်-မူးကမ်း-နောင်ကြီးအိုင် လမ်းပိုင်း ဖြတ်သန်းသွားလာနေသည့် ခရီးသွားပြည်သူများအား ငွေညှစ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့် ဆိပ်ခွန်ရဲစခန်းမှ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့အား ဒရုန်းဖြင့် ဗုံးသီး (၃) လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်း ဆိပ်ခွန်ရဲစခန်းအား စက်တင်ဘာလ ( ၂၁ ) ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး (၂) လုံးထပ်မံပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာ၍ လက်နက်ကြီး ကောင်တာ (၆) လုံး ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် သီလုံးပျူရွာ ၊ ပန်းရံပျူရွာ တို့အား ဒရုန်းဖြင့် ဗုံးသီး ( ၂၀ ) လုံး ထပ်မံ ပစ်ချတိုက်ခိုက်ခဲ့ရာ သီလုံးပျူရွာမှ ပျူစောထီးများ အထိနာခဲ့ပြီး ကောင်တာပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုနေ့ ညပိုင်းတွင် ရွှေဘိုမြို့ အနောက်ဘက်အထွက် မင်းကုန်းကျေးရွာတွင် အထိုင်ချနေသည့် စစ်တပ်နှင့် ရဲပူးပေါင်း အဖွဲ့အား ဒရုန်းဖြင့် ဗုံးသီး ( ၂ ) လုံး ထပ်မံ ပစ်ချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး ရွှေဘိုမြို့အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကားနှစ်စီးဖြင့်ထွက်လာ၍ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇) ရက်တာ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း မင်းကုန်းပျူရွာ ၊ ဆိပ်ခွန်ရဲစခန်း ၊ မဂ်လာရွာ ၊ သီးလုံးပျူရွာတို့မှ စစ်သားနှင့် ပျူစောထီး စုစုပေါင်း (၇) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပြန်လည်သိရှိရကြောင်း Shwebo Crocodile အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ကောင်တာပြန်လည် ပစ်ခတ်မှုကြောင့် အရပ်သား (၄) ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ရွှေဘိုမြို့နယ် ပလဖ Crocodile ၊ ရွှေဘိုမြို့နယ် ရပ်/ကျေး ပကဖ ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ မဟာမိတ် တပ်ပေါင်းစုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency