ငလျင်ဒဏ်သင့်နေချိန် (၄)ရက်အတွင်း ဒေသအချို့ကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၅၀)ဦးအထက် မနည်းသေဆုံးပြီး (၄၉)ဦး ဒဏ်ရာရရှိသည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်သည့် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၁)ရက်နေ့အထိ (၄)ရက်တာကာလအတွင်း စစ်ကောင်စီက ငလျင်ဘေးပြင်းထန်စွာ ခံထားရသော စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အပါအဝင် နေရာပေါင်း (၁၁)နေရာကို လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ပြည်သူလူထု ဒုက္ခတွေ့ကြုံနေရသော အခြေအနေတွင် တော်လှန်ရေးအင်အားစုများ အနေဖြင့် ထိုးစစ်ကိုရပ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း စစ်ကောင်စီက ငလျင်ဘေးသင့် ဒေသများအပါအဝင် နိုင်ငံအဝှမ်းမှ အရပ်သားပြည်သူများနေထိုင်သည့် ရပ်ရွာများ၊ နေရာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် မီးရှို့သတ်ဖြတ်ခြင်းများကို ကျင့်ဝတ်မဲ့ လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူလူထု အပါအဝင် အရပ်သားပြည်သူများကို ဦးတည်၍ အကြမ်းဖက်မှုများကျူးလွန်နေခြင်းသည် မည်သည့်နည်းနှင့်မျှ လက်ခံနိုင်စရာအကြောင်းမရှိသောကြောင့် ပြင်းပြင်းထန် ထန်ရှုတ်ချသည်ဟု ဆိုသည်။
နိုင်ငံတကာအနေဖြင့်လည်း သဘာဝဘေးဒဏ်သင့် ကာလအတွင်းတွင်ပါမရှောင် အကြမ်းဖက်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို နှုတ်အားဖြင့် ကန့်ကွက်တားဆီးရုံမျှမက လက်တွေ့အားဖြင့်လည်း အရေးယူဆောင်ရွက်သင့်နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်နိုင်ရေး ပူးပေါင်းဆောင် ရွက်ပေးကြရန် တိုက်တွန်းထားသည်။
စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့သော အင်အား (၇.၇) အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ယခုအချိန်အထိ လူပေါင်း(၄၂၀၀)ကျော်သေဆုံးပြီး ဒဏ်ရာရနေသူ၊ ပျောက်ဆုံးနေသူများလည်း အဆမတန်များပြားကာ အိမ်ထောင်စုပေါင်း သောင်းချီအိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု NUCC က ထုတ်ပြန်ထားသည်။
မြေပြင်အခြေအနေတွင် ငလျင်ကြောင့် သေဆုံးမှု မြှင့်တက်လာနေသော်လည်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့ နံနက်(၈)နာရီအထိ လူသေဆုံးမှု အရေအတွက်မှာ (၂၇၁၉)ဦးသာ ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency