တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း (၆၈)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၁၇)ဦး အလံဖြူထောင်လက်နက်ချကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။
အောက်တိုဘာလအတွင်း စခန်းသိမ်းတိုက်ပွဲ (၄)ကြိမ်အပါအဝင် တိုက်ပွဲပေါင်း (၆၈)ကြိမ် ၊ စစ်ကောင်စီသတင်းပေးများကို ရှင်းလင်းတိုက်ခိုက်မှု (၈)ကြိမ်၊ စစ်ကောင်စီစခန်းများ နှင့် စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၅၇)ကြိမ်၊ စစ်ကောင်စီစစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု (၂၁)ကြိမ်နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးနှင့် ထွက်ပြေးသူများပြားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကာ ၎င်းစခန်းများအား ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ပြီး ဝင်ရောက်တပ်စွဲ နေရာယူသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်သား (၉၄)ဦးသေဆုံးပြီး စခန်းသိမ်းတိုက်ပွဲ တစ်ခုအတွင်း အလံဖြူထောင်လက်နက်ချသူ (၁၇)ဦးကို ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး (၈)လက်၊ လက်နက်ငယ်(၃၉)လက်နှင့် ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ နင်းမိုင်းနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိ ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ ရဲဘော်(၁၃)ဦး ကျဆုံးပြီး (၆၃)ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဗုံးသီးများကြဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီး၊ သတ်ဖြတ်ခြင်းများကြောင့် အောက်တိုဘာလအတွင်း အရပ်သား(၈)ဦး သေဆုံးပြီး (၄၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၂၂၉)ဦးဖမ်းဆီးခံရသည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ KNLA၊ KNDO၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်း တပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: တောင်ပိုင်းစစ်ဒေသ