စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ် ကျောင်းတော်သို့ ပြန်ရောက်

စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ် ကျောင်းတော်သို့ ပြန်ရောက်

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရသည့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ညနေ(၃)နာရီလောက်မှာ ကြခတ်ဝိုင်း ဆရာတော်ကြွပြီး သြဝါဒပေးမယ်လို့ သိထားရပါတယ်။ ပြီးရင်တော့ ဘယ်လိုဆက်လုပ်မလဲ စီစဉ်မှာပါ။”ဟု ဒါယိကာတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဆရာတော်သည် ယမန်နေ့ ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့်အတူ မန္တလေးမြို့ ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)တွင် ယနေ့ပြုလုပ်မည့် အစည်းအဝေးအတွက် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့  ကြွခဲ့သည်။  

ထို့နောက် ကန်သုံးဆင့်ဆရာတော်၏ဇာတိ ငါန်းဇွန်မြို့နယ်သို့ သွားရောက်ရာ မြို့သာနှင့် ပန်းချီကမ္မကျေးရွာကြား၌ စစ်ကောင်စီကင်းနှင့်တွေ့ပြီး ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲဆက်မောင်းခဲ့၍ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

"ကားက အိမ်စီးကားနဲ့ လာကြိုတာ။ ဆွမ်းစားချိန်နီးလို့ မြန်မြန်မောင်းလာတာပေါ့။ စစ်ကောင်စီတပ်က မသင်္ကာလို့ ရပ်ခိုင်းတယ်။ အဲဒါမမြင်ဘဲနဲ့ ယာဉ်မောင်းက ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာ။"ဟု ဆရာတော်ကြီး၏ ဒါယိကာတစ်ဦးက Tachileik News Agency ကို ယမန့်ကပြောသည်။

ဆရာတော်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားပြီး ယာဉ်မောင်းလည်း ဒဏ်ရာရသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကမူ စစ်ကောင်စီကင်းကားကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ချိန်၌ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ ပစ်ခတ်မှုဖြစ်ပွားနေသည့်နေရာအတွင်းကို ယာဉ်တစ်စီး မောင်းနှင်ဝင်ရောက်လာရာ PDF တပ်ဖွဲ့များက ပစ်ခတ်၍ မီတာ(၂၅၀)ခန့်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားသည်ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။

ယာဉ်ပေါ်၌ ဦးခေါင်းနှောက်စေ့တော်၌ လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့သည့် ပဲခူးတိုင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း)နှင့် မှန်ကွဲစဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော်  ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန (ငြိမ်း) ဖြစ်ကြောင်းနှင့် ယာဉ်မောင်း ဦးကျော်ဝင်းမှာ ဝဲဘက်လက်၌ လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီဘက်ကဆိုသည်။

ထို့နောက် ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလာပ်တော်နှင့် ဒဏ်ရာရရှိထားသော ဆရာတော်နှင့် ယာဉ်မောင်းတို့အား မန္တလေးမြို့၊ တံတားဦးပြည်သူ့ဆေးရုံမှ တဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ 

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော်ကြီးသည် သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း စသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency