ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရ၍ နေအိမ်များပျက်စီး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရ၍ နေအိမ်များပျက်စီး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၈)နှစ်အောက် ဆယ်ကျော်သက် (၃) ဦးအပါအဝင် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၄)လုံး ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ−ဆောထိမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် မေလ (၂၄)ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် စစ်ကောင်စီတပ်များသည် ရွှေကျင်မှ စဲစူးကျေးရွာအတွင်းသို့ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ထိုနေ့ည ဆယ်နာရီခွဲခန့်တွင် စစ်ကောင်စီတပ် ခမရ(၂၀) မှ ရေဖြူကန် ကျေးရွာအတွင်းသို့ (၁၅၅)မမ ဟောင်ဝစ်ဇာ လက်နက်ကြီး (၃)လုံးအား ပစ်ခတ်ခဲ့ရာ ဒေသခံများ မွေးမြူထားသည့် တိရစ္ဆာန်တချို့ သေဆုံးထိခိုက်ခဲ့ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် မေလ (၂၈)ရက်နေ့ ည (၁၀)နာရီခွဲခန့်တွင် စစ်ကောင်စီတပ် ခလရ(၂၆၄) တပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ထောင်လောင်ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း မေလ (၂၇) ရက်နေ့တွင် စစ်ကောင်စီတပ် ခလရ(၂၆၄) တပ်ရင်းမှ (၁၅၅)မမ နှင့် (၁၂၀)မမ ဟောင်ဝစ်ဇာ လက်နက်ကြီး စုစုပေါင်း(၃)လုံးအား ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ကော်သာစေးကျေးရွာ၊ ကောက်မယ်သူကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာအကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုမှဆိုသည်။

မေလ (၂၈)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ် ခလရ(၂၆၄) တပ်ရင်းမှ (၁၅၅)မမ နှင့် (၁၂၀) မမ ဟောင်ဝစ်ဇာလက်နက်ကြီး စုစုပေါင်း (၁၁)လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ပဒဲကောကျေးရွာ အောက်မီး၊ ဆွယ်တီကျေးရွာအနီး၊ ဝမ်ချဲကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် မေလ(၂၉) ရက်နေ့ ည(၈)နာရီတွင် စစ်ကောင်စီတပ်များသည် ဆိပ်ကြီးဂိတ်မှနေပြီး (၈၁)မမ လက်နက်ကြီး (၂)လုံးကို ပစ်ခတ်ခဲ့ရာ ကျောက်ခဲကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းလာတက်နေသည့် တောင်စုကျေးရွာမှ ကျောင်းသားတစ်ဦး ခြေထောက်ကျိုး၍ လက်၊ ကျောပြင် နှင့် တင်ပါးဆုံတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် မေလ (၂၉)ရက်နေ့ နေ့လယ် (၁၁)နာရီ အချိန်တွင် ငနွားဆိပ်ကျေးရွာစာသင်ကျောင်းဘေးတွင် စစ်ကောင်စီတပ်များ ထောင်ထားသည့် မြေမြုပ်မိုင်းအား နင်းမိပြီး (၁၄)နှစ်အရွယ် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များမှ ကေအန်ယူအုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် ဒေသခံများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ အသက်ရှင်နေထိုင်နေကြရပြီး အာဏာစသိမ်းသည့် အချိန်မှစ၍ ၂၀၂၄ ခုနှစ် ဧပြီလအထိ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူ (၄၉၄,၅၉၀)ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU ဗဟိုထံမှ သိရသည်။

#TachileikNewsAgency

Photo: KNU