သံဃာ အယောင်ဆောင်ကာ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိ

သံဃာ အယောင်ဆောင်ကာ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း မြိတ် - ပုလော လမ်းပိုင်း ပဝကုန်းကျေးရွာအနီးတွင် သံဃာ အယောင်ဆောင်ကာ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force)၏ ရဲဘော်များက ဖမ်းဆီး ရမိကြောင်း သိရသည်။

 မြိတ်- ပုလောလမ်းပိုင်းတွင် စစ်ကောင်စီထောက်တိုင်များ၊  စစ်ကောင်စီအတွက် ရိက္ခာသယ်ယူပို့ဆောင်မှုများကို စစ်ဆေးနေချိန် ခရီးသည်သယ်ယူပို့ဆောင်ရေး ကားတစ်စီးပေါ်မှ စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် သင်္ကန်းအဝတ်ဖြင့် အယောင်ဆောင်ကာ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ဆက်လက်စိစစ် မေးမြန်းရာ မြိတ်ခရိုင်(၁၀၁)တပ်ရင်းမှ လုပ်သက်(၃)နှစ်ရှိ တပ်သား မောင်ထွေးဆိုသူ ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သား မောင်ထွေးအား လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ရန်အတွက် စစ်သုံ့ပန်း ဥပဒေနှင်အညီ ထိန်းသိမ်းဆောင်ရွက်နေသည်ဟု ဆိုသည်။ 

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီထောက်တိုင်များ၊ ပျူစောထီး၊ စစ်ကောင်စီယာဉ်တန်းများနှင့် အနီးကပ် သွားလာခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။