တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃ ဦး သေဆုံး

တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃ ဦး သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ စတုတ္တအပတ်အတွင်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ (၃) ဦး သေဆုံးကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း တပတ်အတွင်း စစ်ကောင်စီမှ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းများ စုစုပေါင်း အကြိမ်ရေ (၇၅)ကြိမ်ကျော် ပြုလုပ်ခဲ့သဖြင့် ပြည်သူ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ၊ ပြည်သူ (၂၂)ဦးမှာ ဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တပတ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ (၁၃)ဦးတွင် နိုဝင်ဘာလ (၂၉)ရက်နေ့က တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာရှိ ဆီအုန်းတောတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးတဦးလည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ လက်ပါးစေများသည် သက်လတ်ပိုင်းရှိ လူငယ်များကို အဓမ္မဖမ်းဆီးကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ခြင်း ၊ အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီး၍ အသက်သေဆုံးသည်အထိ ရိုက်နှက်စစ်ဆေးမေးမြန်းကာ အလောင်းဖျောက်ဖျက်လိုက်သည့် စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်လျှက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ၏ စစ်ရေးလှုပ်ရှားသည့် နယ်မြေများထဲတွင် ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။

#TachileikNewsAgency

Photo:တောင်ပိုင်းစစ်ဒေသမှ PDF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)