ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် မိုးသည်းနေသည့်ကြားမှ မီးလောင်မှုဖြစ်ပွါးရာ မီးသတ်နှင့် ရေသယ်ယာဉ် အစီး (၂၀) ပါဝင်သည့်အုပ်စုဖြင့် ငြှိမ်းသတ်ရကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၈) ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ နံက် (၄) နာရီကျော်ကတည်းက မီးစတင်လောင်ကျွမ်းပြီး မီးသတ်တပ်ဖွဲ့က (၆)နာရီခွဲတွင် မီးလောင်သတင်းအကြောင်းကြားမှုကို လက်ခံရရှိကြောင်း သိရသည်။
ကျွန်တော့်အိမ်နောက်မှာပါ။ စလောင်တာမနက် ၄ နာရီကျော်လောက်က မိုးတွေအရမ်းရွာနေပေမဲ့အိမ်ထဲမှာ အရမ်းကို လောင်နေပါတယ်။ ပေါက်ကွဲသံတွေလည်း ကြားရပါတယ်။မနက်(၆:၁၅)လောက်မှာ မီးသတ်ကား လာပါတယ်။တစ်ညလုံး လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့မို့။ဟိုတစ်လောကလည်း ညဖက်မီးတွေ ဆောင့်တက်လိုက်တာလမ်းမှာထွန်းထားတဲ့မီးလုံး၊မီးချောင်းတွေအကုန်ကျွမ်းကုန်ပါတယ်။ ညတောင်သတိထားအိပ်နေရတဲ့ဘဝတွေပါ။
ဟု မီးလောင်မှူဖြစ်ပွါးရာအနီး နေထိုင်သူတစ်ဦးက ပြောထားသည်။
မီးလောင်မှုဖြစ်ပွါးသည့်နံက် (၄)နာရီဝန်းကျင်က လျှပ်စစ်မီး လာလိုက်၊ ပြတ်လိုက်ဖြစ်ခဲ့ကြောင်း သိရသည်။
အိမ်ရှေ့လေးတင်လောင်တာ။ သနားပါတယ်။ လူတော့အထိခိုက်မရှိဘူး။ မီတာဘောက်ကစလောင်တာ ဘေးက နှိုးကြသေးတယ်။ မနိုးတော့ အကုန်ကူးကုန်တာ။ စက္ကူစက်လည်း လုပ်တော့ လောင်စာများတယ်ထင်တယ် ခဏထဲနဲ့ အကုန်ကုန်တာပဲ
ဟု အိမ်နီးချင်းတစ်ဦးက လူမှုကွန်ယက်တွင် မျှဝေထားသည်ကို တွေ့ရသည်။
မီးလောင်မှုဖြစ်ပွါးရာသို့ မီးသတ်ယာဉ်များ နံက် (၆)နာရီ ၁၂ မိနစ်တွင် စတင်ထွက်ခွါသည်ဟု မီးသတ်ဌာနထုတ်ပြန်ချက်အရ သိရသည်။
ယင်းနောက် နံက် ၆ နာရီ ၂၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ကနဦးထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုဖြစ်ပွါးရာအကြောင်းရင်းကို မသိရသေးပါ။