မှော်ဘီလေတပ်ဌာနချုပ် တာဝေးပစ်မစ်ဇိုင်းဒုံး ၅ လုံးနှင့်ပစ်ခတ်ခံရ

မှော်ဘီလေတပ်ဌာနချုပ် တာဝေးပစ်မစ်ဇိုင်းဒုံး ၅ လုံးနှင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေတပ်စခန်အား တာဝေးပစ်မစ်ဇိုင်းဒုံး (၅)လုံးဖြင့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ ညပိုင်းက ပစ်ခတ်တိုက်ခိုက်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ USO ထံမှ သိရသည်။

စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသားများကို လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

“နောက်နောင်တွင် ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်ရွက်မည်။”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ USO က ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကို မှော်ဘီမြို့ဒေသခံတစ်ဦးက Tachileik News Agency ကို အတည်ပြုပြီး တိုက်ခိုက်ပျက်စီးမှုအခြေအနေကို မသိရဟု ဆိုသည်။

တိုက်ခိုက်မှုကို B.W.M ၏ Mission 25 အနေဖြင့် U.S.O၊ Shadow (S.A.F)နှင့် Brave Warriors For Myanmar (B.W.M) မဟာမိတ်တို့က လုပ်ဆောင်သည်ဟု ဆိုသည်။ 

မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်မှုတွင် Y-12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံအား ပစ်မှတ်ထား၍ ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်းကို အဓိက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့် လေတပ်စခန်းဌာနချုပ်ဖြစ်ကာ နိုင်ငံတကာမှ စစ်နှင့်အရေးကြီးပစ္စည်းများကို လက်ခံဖြန့်ဖြူးသော အဓိကကျသည့် လေတပ်စခန်းဖြစ်သည်။ 

အထူးသဖြင့် တရုတ်မှလာသောစစ်လက်နက်ပစ္စည်းအားလုံး ထားရာအထိုင်စခန်းလည်းဖြစ်သည့်အတွက် ပူးပေါင်းတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု Brave Warriors For Myanmar(B.W.M)က ဆိုသည်။

“နိုင်ငံခြားက ရောက်လာတဲ့ စစ်ကောင်စီရဲ့စစ်ပစ္စည်းတွေကိုလည်း သီလဝါကတဆင့် မှော်ဘီလေတပ်ထဲမှာထားပြီး အခြားနေရာတွေကို ပြန်လည်ဖြန့်ဖြူးတဲ့လေတပ်စခန်းဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်ဆီကလာတဲ့စစ်ပစ္စည်းတွေကို အဓိကထိန်းသိမ်းသိုလှောင်ပြီး နိုင်ငံအနှံ့ပြန်လည်ဖြန့်ဝေတဲ့အဓိက စစ်ဌာနလည်းဖြစ်နေလို့ ခုလိုတိုက်ခိုက်ခြင်းဖြစ်ပါတယ်။”ဟု Brave Warriors For Myanmar (B.W.M)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သည် မှော်ဘီမြို့နယ် ပန်းတစ်ပွင့်တောင်ဘက်၌ တစ်ညလုံးစစ်ဆေးဖမ်းဆီး မှုများလုပ်သည်ဟု သိရသည်။

မြန်မာနိုင်ငံအနှံ့ ပြည်သူလူထု၏အသက်အိုးအိမ်ကို နေ့စဥ်နှင့်အမျှခြိမ်းခြောက်ဖျက်ဆီးနေသော စစ်ကောင်စီ၏ လေတပ်စခန်းများကို အားနည်းချိနဲ့ပြိုလဲစေရေး လေတပ်ပြိုမစ်ရှင်များကို ဆက်လက်ဖော်ဆောင်သွားမည်ဟု ပြောသည်။

ယခုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှော်ဘီလေတပ်ထဲမှ Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်းနှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ်တစ်စင်း ထိခိုက်ပျက်စီးပြီး ဂိုဒေါင်၊ ပြေးလမ်းနှင့် စီမံခန့်ခွဲသောရုံးတို့လည်း မီးလောင်ပျက်စီးကာ လေတပ်အရာရှိ(၃)ဦးအပါ (၁၂)ဦးသေသည်ဟု ဖော်ပြသော်လည်း သီးခြားအတည်မပြုနိုင်ပါ။

#TachileikNewsAgency

Photo: B.W.M